|
စစ်အစိုးရ၀န်ကြီးချုပ် စင်္ကာပူသို့
ဒုတိယအကြိမ် သွားရောက်ဆေးကုသ
ဉာဏ်မောင်။
မေ ၁၄၊ ၂၀၀၇
မကြာသေးမီကာလက
စင်္ကာပူဆေးရုံသို့ သွားရောက် ဆေးကုသရာမှ ပြန်လာသူ စစ်အစိုးရဝန်ကြီးချုပ်
ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ယမန်နေ့က အရပ်ဘက်လေကြောင်းလိုင်းဖြင့်
စင်္ကာပူနိုင်ငံသို့ သွားရောက်ဆေးကုသရန် ထွက်ခွာသွား သည်ဟု သတင်းများက
ဆိုသည်။
ဆိုးဝါးနေသည့် ကျန်းမာရေးအခြေအနေများကို ခံစားနေရ သည်ဟု ယုံကြည်ရသည့်
စစ်အစိုးရဝန်ကြီးချုပ်သည် ရန်ကုန်သို့ ပြန်ရောက်ပြီး (၁၀)ရက်ခန့်တွင်
ထပ်မံဆေးကုသမှုပြုလုပ်ရန် စင်္ကာပူသို့ ထွက်ခွာသွားခြင်းဖြစ်သည်။
အသက်
(၅၉)နှစ်ရှိပြီဖြစ်သော စစ်အစိုးရ၀န်ကြီးချုပ်အား ရန်ကုန်လေဆိပ်သို့
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် စစ်တပ်ခေါင်းဆောင်များ
လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်း မျက်မြင် သက်သေတဦးကို ကိုးကား၍
သတင်းဌာနများက ဖော်ပြခဲ့ကြသည်။
နိုင်ငံရေးလေ့လာအကဲခတ်သူများကလည်း စင်္ကာပူနိုင်ငံတွင် (၂)လကျော်
ဆေးကုသမှုခံယူပြီး လွန်ခဲ့သော မေလ (၃)ရက်နေ့ကမှ မြန်မာပြည်သို့
ပြန်လာသော ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ပြင်းထန်လှသည့် ရောဂါဝေဒနာ
ခံစားနေရခြင်းကြောင့်သာ စင်္ကာပူသို့ ထပ်မံထွက်ခွာရခြင်း
ဖြစ်နိုင်ကြောင်း သုံးသပ်နေသော်လည်း စစ်အစိုးရက ၄င်း၏ကျန်းမာရေးနှင့်
ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းသည် ၂၀၀၃ ခုနှစ်
ဒီပဲယင်းလုပ်ကြံမှုကြီးတွင် ကိုယ်တိုင်ပါဝင်ခဲ့ သည့်
စစ်ခေါင်းဆောင်တယောက်အဖြစ် အများက သိရှိထားပြီး ယခင် ထောက်လှမ်းရေး
အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်အား ၂၀၀၄ ခုနှစ်အတွင်း ရာထူးမှ
ဖယ်ရှားခဲ့ချိန်မှစကာ စစ်အစိုးရ၀န်ကြီးချုပ်တာဝန်ကို
စတင်ယူခဲ့သူတဦးဖြစ်သည်။ |