Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် တောင်းဆိုရန် မလေးရှားကပြော

ဉာဏ်မောင်။ မေ ၂၂၊ ၂၀၀၇

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် အာစီယံမှ မြန်မာ စစ်အစိုးရကို တွန်းအားပေးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆရက်ဟာမစ်အယ်(လ်)ဘာက ပြောဆိုလိုက်သည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးအတွက် ပြည်တွင်းပြည်ပမှ လှုပ်ရှားမှုများ ပေါ်ပေါက်နေချိန်တွင် အာစီယံအဖွဲ့ဝင် မလေးရှားနိုင်ငံ၏ တိုက်တွန်းချက် ထွက်ပေါ်လာခဲ့ ခြင်းဖြစ်သည်။ 

အာစီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တနိုင်ငံချင်း၏ အကျိုးစီးပွားကိုမကြည့်ဘဲ အာစီယံနိုင်ငံ အားလုံး၏ အကျိုးစီးပွားကို ကြည့်သင့်ကြောင်း မစ္စတာ အယ်(လ်)ဘာ ပြောဆိုခဲ့ကြောင်းကို  အေဘီစီသတင်းတွင် ဖော်ပြသည်။ 

ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများကို ဖမ်းဆီးထိန်းသိမ်းထားခြင်း၊ နေအိမ်အကျယ် ချုပ်သက်တမ်းတိုးရန် စစ်အစိုးရ၏ ဆောင်ရွက်ချက်များကို နိုင်ငံတကာက ပြစ်တင်ဖိအားပေး နေသည့် အခြေအနေအောက်တွင် အာစီယံအဖွဲ့ကြီးအနေဖြင့် ရောက်ရှိနေသည်ကို စစ်အစိုးရက နားလည်မှုပေးသင့်ကြောင်း ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

ယမန်နေ့ကလည်း ဂျနီဗာအခြေစိုက် ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ထုတ်ပြန်သည့် ကြေညာ ချက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၊ ကနေဒါသူ မစ္စလူဝစ်အာဘာ (Louise Arbour ) က လေးနှစ်တာ အဖမ်းခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကမ္ဘာ့နိုင်ငံ အသီးသီးက လှုံ့ဆော်ကြရန် တောင်းဆိုခဲ့သည်။ 

မကြာမီ နေအိမ်အကျယ်ချုပ်သက်တမ်းပြည့်တော့မည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က တောင်းဆိုခဲ့ပြီး နိုင်ငံပေါင်း (၅၉) နိုင်ငံမှ ကမ္ဘာ့ခေါင်းဆောင်ဟောင်းများကလည်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ လက်မှတ်ထိုး၍ စာရေးသားပေးပို့ခဲ့သည်။ 

စစ်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများမှ တောင်းဆိုချက်များကို ယနေ့တိုင် လျစ်လျူရှုထားဆဲဖြစ်ပြီး မကြာသေးမီကာလက (NLD)ပါတီဝင်များ၊ လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့ကာ  ယမန်နေ့ကလည်း (HIV/AIDS) တားဆီးကာကွယ်ထိန်းသိမ်းရေး လူမှုရေးလုပ်ငန်းလုပ်ဆောင်နေသူ (NLD) ပါတီဝင်တဦးကို လည်း နေအိမ်မှ အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 

အာစီယံအဖွဲ့ဝင် နိုင်ငံတခုဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်သည် နှစ်နိုင်ငံစီးပွားရေးနှင့် ခရီးသွားလာမှုဆိုင်ရာ လုပ်ငန်းများအတွက် (၃)ရက်ကြာ  စစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် နေပြည်တော်သို့ ယမန်နေ့က ရောက်ရှိနေပြီး “ဒေါ်အောင်ဆန်း စုကြည်အား ပြန်လည်လွှတ်ပေးရန် ၀န်ကြီးချုပ်အနေဖြင့် စစ်အစိုးရခေါင်းဆောင်များကို တောင်းဆိုမည်ဖြစ်သော်လည်း တရားဝင် သတင်းထုတ်ပြန်မည်မဟုတ်”ဟု ကမ္ဘောဒီးယား အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။  

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org