|
ဒေါ်အောင်ဆန်းစုကြည်
မလွတ်မြောက်လာသဖြင့် (NLD) လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်မည်ဟု ဆို
ဗထူး။ မေ
၂၆၊ ၂၀၀၇
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ မလွတ်မြောက်လာသည့်အတွက်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ လုပ်ငန်းများ
တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ပါတီပြောရေးဆို ခွင့်ရှိသူ
ဦးမြင့်သိန်းက ယနေ့ပြောဆိုလိုက်သည်။
မနက်ဖြန်တွင် နေအိမ်အကျယ်ချုပ်သက်တမ်းပြည့်မည့်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက
အကျယ်ချုပ်သက်တမ်း ထပ်မံတိုးမြှင့်လိုက်သည့် အတွက် ယခုလို
ပြောဆိုလိုက်ခြင်းဖြစ်သည်။
ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာနှင့် ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်နှင့်
နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက်
လှုပ်ရှားတောင်းဆိုနေချိန်တွင် စစ်အစိုးရက ယမန်နေ့က သူမ၏
နေအိမ်အကျယ်ချုပ်သက်တမ်းကို တိုးမြင့်လိုက်ခြင်းဖြစ်သည်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ရေးအတွက် ကို ဒီအချိန်မှာ မျှော်လင့်ခဲ့ပါတယ်။
မျှော်လင့်သလိုဖြစ်မလာတဲ့အပေါ် မူတည်ပြီးတော့ စိတ်မကောင်းတော့
ဖြစ်မိတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို ဆက်လက်ပြီး
ဆောင်ရွက်သွားမှာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်
မလွတ်မြောက်လာတဲ့အတွက်ကြောင့် တိုးမြှင့်ပြီး ဆောင်ရွက်ရမှာဖြစ်တယ်”ဟု
(NLD)ပါတီပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် သူမ၏ တကိုယ်တော် လွတ်မြောက်ရေးတခု
တည်းသာ မဟုတ်ဘဲ တိုင်းပြည်တွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများ၏
ထွက်ပေါက် ဖြစ်ပြီး ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လမ်းစဖြစ်သဖြင့်
ယခုကဲ့သို့ သက်တမ်းတိုးလိုက်ခြင်း သည် တိုင်းပြည်ကြုံတွေ့နေရသည့်
အခက်အခဲများ၏ ထွက်ပေါက်ပိတ်သွားစေပြီး အဆိုပါ အခွင့်အလမ်းကို
မရယူနိုင်ခြင်းအတွက် စိတ်ပျက်မိကြောင်း သူက ဆက်လက်ပြောဆိုသည်။
ထို့အပြင်
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီကလည်း
ဒေါ်အောင်ဆန်းစုကြည်အား တနှစ်ထပ်မံချုပ်နှောင်လိုက်ခြင်းသည်
တိုင်းပြည်ကို တနှစ် ချုပ်နှောင်လိုက်ခြင်းပင်ဖြစ်သည်ဟု ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို တနှစ်သက်တမ်းတိုးလိုက်ခြင်းဟာ မြန်မာနိုင်ငံရဲ့
အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖြစ်စဉ်အပါအ၀င်
မြန်မာပြည်ဖွံ့ဖြိုးတိုးတက်မှုကို တနှစ် ချုပ်နှောင်လိုက်တာပဲ။
နိုင်ငံတကာနဲ့ ပြည်တွင်း ပြည်ပက ယုံကြည်မှုရရှိထားတဲ့
နိုဘယ်ငြိမ်းချမ်း ရေးဆုရှင်တယောက် ဖြစ်တယ်ဆိုတာကို ရဲရဲတင်းတင်း
အသိအမှတ်ပြုရမဲ့ တာဝန်ရှိတယ်။ အဲ့ဒါကို ပုဂ္ဂိုလ်ရေးအာဃာတထားပြီးတော့
အသိအမှတ်မပြုဘဲထားခြင်းဟာ တိုင်းပြည်အတွက်
နစ်နာဆုံးရှုံးမှုတခုဖြစ်တယ်လို့ ကျနော်ပြောချင်တယ်”ဟု ကိုဂျင်မီက
ဆိုသည်။
စစ်အစိုးရခေါင်းဆောင်ပိုင်းများကို ဒေါ်အောင်ဆန်းစုကြည်နှင့်
နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် အကြိမ်ကြိမ်
တောင်းဆိုခဲ့သော်လည်း ယခုကဲ့သို့ နေအိမ်အကျယ်ချုပ်သက်တမ်း
တိုးမြှင့်လိုက်သည့်အတွက် များစွာ စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း ယမန်နေ့က
ပြောဆိုခဲ့သည်။
“မစ္စတာ
ဘန်ကီမွန်းက မြန်မာ့အရေးအား ကမ္ဘာပေါ်တွင် အရေးအကြီးဆုံး
အာရုံစိုက်သင့်သည့် ကိစ္စတရပ်အဖြစ် ရှုမြင်ထားပြီး မြန်မာနိုင်ငံတွင်
ခိုင်မာသည့် တိုးတက်မှုများဖြစ်ထွန်းလာအောင် ကုလသမဂ္ဂ အထွေထွေညီလာခံမှ
အပ်နှင်းထားသည့် အတွင်းရေးမှူးချုပ်ရုံး လုပ်ပိုင်ခွင့်များကို
အသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး သူ၏အထူးကိုယ်စားလှယ် မစ္စတာ
ဂန်ဘာရီသည် မကြာမီ မြန်မာနိုင်ငံသွားရောက်လိမ့်မည်”ဟု
အတွင်းရေးမှူးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ်က
အာရ်အက်အေ(မြန်မာပိုင်း)အစီအစဉ်နှင့် တွေ့ဆုံစဉ် ပြောဆိုသည်။
“ဗီတိုကျင့်သုံးခဲ့ကြတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံကိုလည်း ဒီလိုပဲ
စေတနာကောင်းစေတနာမှန်နဲ့ တိုင်းပြည်ရဲ့
အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်မှာ ၀င်ရောက်ကူညီစေချင်ပါတယ်။
သူတို့ နှစ်နိုင်ငံစလုံး ပြောထားတဲ့ စကားတွေရှိပါတယ်။ မြန်မာပြည်မှာ
ဖြစ်နေတဲ့ အထွေထွေပြဿနာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးပြဿနာမှာ
အလုံးစုံပါဝင်တဲ့ တွေဆုံဆွေးနွေးရေးပေါ်ပေါက်ဖို့ ဆိုတဲ့ ကိစ္စတွေဟာ
လက်ခံထားပြီးသားဖြစ်တယ်လို့ ကျနော်ယုံကြည်တယ်”ဟု ကိုဂျင်မီက ပြောသည်။
တရုတ်နှင့် ရုရှား နှစ်နိုင်ငံအနေဖြင့်
ယုံကြည်လက်ခံထားသည့်အလျှောက် ယခုကိစ္စကို ပြည်တွင်းရေးသက်သက်ပါဆို၍
စကားတမျိုးမပြောပဲ မြန်မာနိုင်ငံတွင် အမှန်တကယ်လိုအပ်မှု မှာ
အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ဆိုသည်ကို လက်ခံကာ လက်တွေ့
ဝိုင်းဝန်းကူညီရန် လိုအပ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။ |