Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဒီပဲယင်း (၄)နှစ်ပြည့် မန္တလေးတိုင်း မြို့နယ် (၃၀)တွင်ပြုလုပ်

ဗထူး။ မေ ၃၀၊ ၂၀၀၇

စစ်အစိုးရ၏ အကြမ်းဖက်ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရသည့် ရဟန်းရှင်လူ ပြည်သူများအတွက်  ဆွမ်းသွတ်အလှူဒါနပြုပွဲများကို မန္တလေးတိုင်း မြို့နယ် (၃၀)တွင် ယနေ့ပြုလုပ်သည်။

(NLD)ပါတီဝင်များနှင့် ပြည်သူများအား ၂၀၀၃ ခုနှစ်၊ မေလ (၃၀)ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ၊် ကြည်ရွာအနီးတွင် စစ်အစိုးရအာဏာပိုင်များက အကြမ်းဖက် ရိုက်နှက်ခဲ့သဖြင့် ကျဆုံးသွားသူများအတွက် မန္တလေးတိုင်းအတွင်းရှိ (NLD)ပါတီဝင်များက အလှူဒါနများ ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ 

မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်တွင် ယနေ့ လူအင်အား (၂၀၀)ကျော်တက်ရောက်ခဲ့သည့် ဒီပဲယင်းနှစ်ပတ်လည် ဆွမ်းသွတ်အလှူပွဲတွင် သံဃာ အပါး(၂၅၀)အား ဆွမ်းလောင်းလှူခဲ့ပြီး အဆိုပါကျောင်းမှ တိုက်သစ်နယကဆရာတော်ကြီး အပါး(၃၀)အား ဆွမ်းကပ်လှူဒါန်း၍ ပရိတ် တရားတော်နာကာ ကျဆုံးသွားသူများအတွက် အမျှပေးဝေခဲ့ကြသည်ဟု မန္တလေးမြို့နယ် (NLD)ပါတီဝင်တဦးက ပြောသည်။ 

ယနေ့ဆွမ်းကပ်လှူပွဲတွင် မန္တလေးတိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့မှ အင်အား (၅၀)ခန့်ကလည်း အဆိုပါ မစိုးရိမ်ကျောင်းတိုက်တွင် တပြိုင်တည်း ဆွမ်းကပ်လှူဒါန်းခြင်းကို ပြုလုပ်ခဲ့ပြီး မည်သည့်အတွက် ဆွမ်းကပ်ခြင်းကို မသိကြောင်းနှင့် အနှောင့်အယှက် တစုံတရာ မပြုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။  

အလားတူ ရန်ကုန်မြို့ရှိ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းကြည်နေအိမ်တွင်လည်း  (NLD)ပါတီဝင်များက  ဆွမ်းသွတ်အလှူဒါနပြုသည့် အခမ်းအနားကို ပြုလုပ်ခဲ့ရာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူများ (၅၀၀)ကျော် တက်ရောက် ခဲ့ပြီး သံလျှင်မြို့နယ်တွင် ပြုလုပ်သည့်အခမ်းအနားသို့ (၃၀၀)ကျော် တက်ရောက်ခဲ့သည်ဟု ဆိုသည်။  

အာဏာပိုင်များအနေဖြင့် ယနေ့ကျင်းပပြုလုပ်သည့် နိုင်ငံအနှံ့ ဒီပဲယင်းနှစ်ပတ်လည် အခမ်း အနားများကို နှောင့်ယှက်မှု တစုံတရာမရှိခဲ့သော်လည်း ရေနံချောင်းမြို့နယ် (NLD)အဖွဲ့ဝင်များ ပြုလုပ်မည့် အစီအစဉ်ကို နှောင့်ယှက်ခဲ့ကြောင်း ဆိုသည်။ 

 “ဘုန်းကြီးကျောင်းတွေ သွားမှာကြောက်တဲ့အတွက် မြို့နယ်(မယက)နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးတို့က မီးသတ်ကားတွေနဲ့ပေါ့လေ၊ လူအင်အားများများနဲ့ စောင့်ကြည့်နေတယ်။ အခမ်းအနားလုပ်တဲ့ နေရာကိုတော့ လာပြီးအနှောင့်အယှက်မပေးဘူးခင်ဗျ၊ လေးထပ်ကျောင်းမှာလုပ်ဖို့ ကျနော်တို့ လုပ်ထားတာကို ကျောင်းက ဆရာတော်ကို မြို့နယ်သံဃမဟာနယကအဖွဲ့နဲ့ (မယက)က ပိတ်ထားတယ်လို့ ပြောခိုင်းလို့ အိမ်မှာလုပ်လိုက်ရတယ်” ဟု ရေနံချောင်းမြို့နယ် (NLD)အဖွဲ့ဝင် ဦးတင်ကြိုင်က ပြောဆိုသည်။ 

စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် (NLD)ပါတီဝင်များအား ၂၀၀၃ ခုနှစ်၊ မေလ (၃၀)ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကျည်ရွာအနီး အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပမှ ပြောဆိုချက်များကို တစုံတရာ ဖြေရှင်းဆောင်ရွက်ခဲ့ခြင်းမရှိ သည့်အပြင် ယနေ့တိုင် (NLD)ပါတီဝင်များနှင့် နိုင်ငံရေးလှုပ်ရှားသူများကို အကြမ်းဖက် ရိုက်နှက် ကာ ဖမ်းဆီးထိန်းသိမ်းနေဆဲဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org