|
ကားဈေးတက်တော့ ကားရောင်းသူကိုမဖမ်းရဲ
ဗထူး။ မေ
၁၈၊ ၂၀၀၇

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားမှတင်သွင်းလာသည့်ကားဈေးများ အဆမတန်
ဈေးတက်နေသော် လည်း အာဏာပိုင်များကိုယ်တိုင်
ကားတင်သွင်းရောင်းချနေသောကြောင့် မဖမ်းဆီးရဲဘဲ ဖြစ်နေ သည်။
ရန်ကုန်ကားဈေးကွက်တွင် နိုင်ငံခြားမှ ကားများအား
အာဏာပိုင်များကိုယ်တိုင် မှာယူတင်သွင်း ၍
ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းကြောင့် အဆမတန် ဈေးနှုန်းများ
တက်ခဲ့ခြင်းဖြစ်သည်။
ယခင်က
စစ်အစိုးရက ဆန်နှင့် ဆီဈေးများတက်သည့်အခါ ကုန်သည်များအား
ဖမ်းဆီးခြင်း၊ အကြပ်ကိုင်ခြင်းပြုလုပ်ခဲ့သော်လည်း ယခု
ကားအရောင်းအ၀ယ်များကို စစ်ဗိုလ်ချုပ်များ အပါအဝင် နီးစပ်သူများက
ပြုလုပ်နေသောကြောင့် ဖမ်းဆီး၍မရ ဖြစ်နေသည်ဟု ကုန်သည်ကြီး
တဦးကဆိုသည်။
“အစိုးရအဖွဲ့က ဖွဲ့ထားတဲ့ စီးပွားရေးဦးပိုင်လီမိတက်က အဓိကထားပြီး
တင်သွင်းနေကြတယ် ခင်ဗျ။ ကားတွေကို တင်သွင်းပြီးတော့
သူတို့နဲ့သက်ဆိုင်ရာ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်၊
ဒုတိယဗိုလ်ချုပ်တွေကို ခွဲတမ်းနဲ့ ရောင်းချပေးတယ်ပေါ့ဗျာ။
အဲဒီလိုရောင်းချပေးတဲ့ အချိန်မှာပဲ သူတို့ခေါ်တာ (ကာတီးနား)ဘင်
အနိမ့်ဆုံးကားအနေနဲ့ သူတို့သွင်းတာပေါ့။ သူတို့ ဂျပန်က သွင်းမယ်ဆို
မြန်မာပြည်ဆိပ်ကမ်းအရောက် တင်းသွင်းခွင့် ဘာညာနဲ့ ဒေါ်လာ (၇,၀၀၀)ထက်
မပိုဘူး။ ဒေါ်လာ (၇,၀၀၀)ထက် မပိုတဲ့ကားတွေကို သူတို့ ဗိုလ်ချုပ်တွေကို
သိန်း (၉၀၀)နဲ့ ချပေးတယ်”ဟု အဆိုပါကုန်သည်က ဆိုသည်။
အဆိုပါကားများကို စစ်ဗိုလ်ချုပ်များက သိန်း (၁,၁၀၀)မှ (၁,၃၀၀)အထိ
ဈေးမြှင့်ကာ ပြန်လည် ရောင်းချသဖြင့် ကားဈေးများ အဆမတန်
တက်သွားခြင်းဖြစ်ပြီး စစ်အစိုးရက ပုဂ္ဂလိကမှ ကား တင်သွင်းခွင့်ကို
(၁၉၉၆) နှောင်းပိုင်းမှ စတင်ပိတ်ပင်ခဲ့သည့်အတွက် ကားတင်သွင်းခွင့်ရသည့်
ဦးပိုင်လီမီတက်နှင့် စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းမှာ ဒေါ်လာ (၇,၀၀၀)
ရင်းလျှင် (၇၀,၀၀၀) အမြတ်ရသည့် စီးပွားရေးလုပ်ငန်းကို
လုပ်ကိုင်သူများဖြစ်သည်ဟု ဆိုသည်။
ရန်ကုန်ကားဈေးကွက်တွင် မော်ဒန်မြင့်သည့်ကားများ အမြင့်ဆုံးဈေးဖြင့်
အရောင်းအ၀ယ်ဖြစ်နေ ပြီး အမှန်တကယ်အသုံးပြုရန် လိုအပ်သူများအနေဖြင့်
ဈေးနှုန်းသက်သာသည့် ပြည်တွင်းထုတ် ကားများကို
အဓိကထားဝယ်ယူအသုံးပြုသူများ များပြားကြောင်း ရန်ကုန်ကားဈေးကွက်မှ
ရောင်းဝယ်သူတဦးက ဆိုသည်။
“သွင်းလာတဲ့ကားတွေက ပြည်ပဈေးနှုန်းနဲ့ယှဉ်ရင် အများကြီးကွာနေတော့
တော်ရုံလူ ဘယ်ဝယ်စီးနိုင်ပါ့မလဲ၊ စီးနိုင်တဲ့လူတန်းစားဆိုတာကလည်း
သိကြတဲ့အတိုင်းပဲပေါ့ဗျာ” ဟု ကားရောင်းဝယ်သူတဦးက ဆိုသည်။
ယခုလက်ရှိ
ကားတင်သွင်းနေသည့် ဦးပိုင်လီမီတက်နှင့် စစ်ဗိုလ်ချုပ်များက
ကားရောင်းရသည့် ငွေများကို ဒေါ်လာငွေပြန်ဝယ်စုဆောင်းနေခြင်းကြောင့်
ဒေါ်လာဈေးအတက်အကျကိုပါ ထိမ်းထားသည်ဟု ဆိုသည်။
ဦးပိုင်လီမီတက်မှ တနှစ်လျှင် ပြည်ပကား အစီးရေ (၂၀၀)ကျော်
တင်သွင်းနေသဖြင့် စစ်ဗိုလ်ချုပ် ကြီးများ၊ ၄င်းတို့နှင့်
နီးစပ်သူများမှာ ဒေါ်လာသန်းနှင့်ချီ၍ အမြတ်အစွန်းရသော စီးပွားရေး
လုပ်ငန်းကို လုပ်ကိုင်နေကြခြင်းဖြစ်သည်။
“ကားဈေးတက်လေ သူတို့ အမြတ်များများရလေ၊ ဒေါ်လာများများဝယ်လို့ရလေပဲ၊
ဒီဈေးနဲ့ပဲ ရောင်းလို့ အပြင်လူမ၀ယ်နိုင်တဲ့တနေ့ကျရင် ကားဈေးကျမယ်၊
အဲ့ဒီအချိန်ကျတော့ သူတို့ကား ရောင်းတဲ့လုပ်ငန်းကို ရပ်လိုက်အုံး
လက်ထဲမှာ ဒေါ်လာသန်းနဲ့ချီ ရှိနေပြီလေ။ ဆန်ဈေး တက်တော့ ဆန်ကုန်သည်၊
ရွှေဈေးတက်တော့ ရွေကုန်သည်ကို ဖမ်းတယ်၊ ကားဈေးတက် တော့
ကားရောင်းတဲ့လူကို မဖမ်းဘူးဆိုတော့ မေးစရာ မေးခွန်းတခုထွက်လာတယ်”ဟု
အမည်မဖော်လိုသူ ကုန်သည်ကြီးကပြောသည်။ |