|
ဝတ်ပြုဆုတောင်းမည့်သူများကို
အာဏာပိုင်များက ဖမ်းဆီးခဲ့
ရိုးမ ၃။
မေ ၁၅၊ ၂၀၀၇
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းပွဲသွားရောက်မည့်
လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးအပါအ၀င် လူ (၃၀)ကျော်ကို
ရန်ကုန်တိုင်း၊ အင်းစိန် မြို့နယ်နှင့် လိုင်သာယာမြို့နယ်တို့၌
ယနေ့နံနက်တွင် အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
နံနက်
(၉)နာရီခွဲခန့်က မင်းဓမ္မလမ်းရှိ ကျောက်တော်ကြီးဘုရားတွင်
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းရန် သွားရောက်စဉ်
အင်းစိန်မြို့နယ် အာလိန်ငါးဆင့် ဘုရားအနီး၌ အင်အား (၁၀၀) ကျော်ခန့်ရှိ
အရပ်ဝတ်များနှင့် အာဏာပိုင်များက မစုစုနွေးနှင့် အဖွဲ့သား (၂၀)ကျော်ကို
ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောသည်။
“အင်းစိန်မြို့နယ် ကျောက်တော်ကြီးဘုရားမှာပေါ့လေ။ လူ (၂၀)လောက်ကို
ရိုက်နှက်ပြီးတော့ ဖမ်းဆီးခံရတယ်လို့ သတင်းရရှိတာပေါ့ဗျာ။
ရိုက်နှက်တဲ့လူတွေက အရပ်ဝတ် ၀တ်ထားတယ်၊ ကြံ့ခိုင်ရေးတွေလို့
ပြောတာပေါ့ဗျာ။ အဲဒီဖြစ်စဉ်ကတော့ မနက် (၉)နာရီခွဲလောက်က ဖြစ်တာ ပေါ့။
ဖမ်းခံရတာကတော့ သေချာပါတယ်။ မစုစုနွေးပါ ပါသွားတယ်”ဟု (HRDP)
မှ ဦးမြင့်အေးက ပြောသည်။
ယင်းသို့ဖမ်းဆီးစဉ် အာဏာပိုင်များက ကင်မရာတလုံးကို သိမ်းဆည်းလိုက်ပြီး
ဥပဒေ ကျောင်းသားတဦးကိုလည်း ထိုးကြိတ်ခေါ်ဆောင်သွားခဲ့သည်ဟု
မျက်မြင်သက်သေများက ပြောသည်။
လှိုင်သာယာမြို့နယ်မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားသူ
တဒါဇင်ခန့်ကို အာဏာပိုင်များက လှိုင်သာယာမြို့နယ် တံတားဖြူမှတ်တိုင်တွင်
ဖမ်းဆီးခဲ့ခြင်းကို
ဦးမြင့်အေးက “လှိုင်သာယာဘက် အ.လ.က (၃) အနီးနားကနေပြီးတော့ လူ (၁၂)
ဦးပေါ့၊ အောင်မျိုး၊ ရန်နိုင်ထွန်း၊ မောင်သက်၊
သက်ဇော်မြင့်တို့ပါတဲ့အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့
ရုပ်ပုံတီရှပ်တွေကို ၀တ်ဆင်ထားတယ်။ ကြွေးကြော်သံတွေကို မအော်ဘူး၊
ပိုစတာ မကိုင်ဘူး၊ ကားလမ်းမကြီးတလျှောက် လျှောက်လာကြတယ်။ တံတားဖြူ
အလွန်ပေါ့ဗျာ”
ဟု ဆိုသည်။
မနက်
၇ နာရီခွဲတွင်အာဏာပိုင်များက လူအုပ်နှင့်ဝိုင်းဝန်းဖမ်းဆီးကာ
ဒိုင်နာကားပေါ်တင်ကာ (မယက) ရုံးသို့ခေါ် ဆောင်သွားခဲ့ပြီးနောက်ပိုင်းတွင်
အဆိုပါရုံးတွင်မတွေ့ရတော့ပဲ မည်သည့် နေရာသို့ ခေါ်ဆောင်သွားသည်ကို
မသိရတော့ကြောင်း၎င်းကဆက်လက်ပြောဆိုသည်။
ယခုလ
(၁)ရက်နေ့မှ (၃၁)ရက်နေ့ထိ တလအကြာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး
အကျဉ်းသားများ လွတ်မြောက်ရေးအတွက် (NLD)ပါတီဝင်များက နိုင်ငံအနှံ့
ဝတ်ပြုဆုတောင်း ခြင်းနှင့် လက်မှတ်ရေးထိုး တောင်းဆိုမှုများကို
ပြုလုပ်လျှက်ရှိသည်။
ပြီးခဲ့သည့်အင်္ဂါနေ့ကလည်း
ရွှေတိဂုံဘုရားပေါ်တွင် ၀တ်ပြုဆုတောင်းသူ (NLD) ပါတီဝင် (၇) ဦးကို
အာဏာပိုင်များက ခေတ္တဖမ်းဆီးပြီးပြန်လည်လွှတ်ပေးခဲ့သော်လည်း
ယခုတကြိမ်တွင် အေးချမ်းစွာ ၀တ်ပြုဆုတောင်းမည့် (NLD) ပါတီဝင်တို့ကို
အာဏာပိုင်များဘက်မှ တဆင့်တိုး ကာ အကြမ်းဖက်ရိုက်နှက်မှုပြုလုပ်လာပြီး
ယခုဖမ်းဆီးထားသူများပြန်လွတ်လာ မလာဆိုသည်ကို တိကျစွာမသိရသေးပေ။
|