|
လူမိုက်ဆန်သော ကျေးရွာဥက္ကဌကြောင့်
ရွာသားများဒုက္ခရောက်
ဗထူး။ မေ ၁၊ ၂၀၀၇
ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ကဒပ္ပနကျေးရွာအုပ်စုတွင် ကျေးရွာဥက္ကဌက
တပည့်များဖြင့် မူးယစ် ရမ်းကားကာ ရွာသားများအပေါ် စော်ကားနေခြင်းကြောင့်
ရွာသားအများစု ဒုက္ခရောက်လျှက် ရှိသည်။
ကဒပ္ပနကျေးရွာဥက္ကဌ ဦးခင်ဝင်းသည် တပည့်လူမိုက်များကိုမွေးကာ
မူးယစ်ရမ်းကား၍ ရွာသား များကို နှိပ်စက်ခြင်းကြောင့် ရွာသားများ
ဒုက္ခရောက်နေရခြင်းဖြစ်သည်။
ယခုလ
(၂၃)ရက်နေ့၊ ည (၁၂) ခန့်က နေအိမ်တွင် ဧည့်စာရင်းဝင်စစ်ကာ
သံလျှင်အခြေစိုက် ခမရ (၁၄၆) မှ စစ်သားနှစ်ဦးနှင့်အတူ (ရယက)ဥက္ကဌ
ဦးခင်ဝင်း၏တပည့်များက ရွာသား နှစ်ဦးအား အရက်မူးကာ
ထိုးကြိတ်ရိုက်နှက်ခဲ့ကြသည်။
“ကိုအေးထွန်းနဲ့ ကိုသိန်းဦးတို့အိမ်ကို ဧည့်စာရင်းစစ်တယ်ဆိုပြီး
ဝင်လာတာ၊ အရက်တွေလည်း မူးနေတယ်၊ သူတို့နှစ်ယောက်စလုံးမှာက အခု
နိုင်ငံတော်ကကောက်နေတဲ့ (ရှိကောက်စာရင်း) ကို မိသားစုဓါတ်ပုံနဲ့အတူ
သက်ဆိုင်ရာကို ပို့ထားပြီးပြီ၊ သန်ခေါင်စာရင်း မရှိလို့ ထိုးတာလို့
ပြောတယ်”ဟု ကျေးရွာသားတဦးက ဆိုသည်။
စစ်သားနှစ်ဦးနှင့် ထိုးကြိတ်ခဲ့သူများမှာ ဦးခင်ဝင်း၏
တပည့်များဖြစ်သော ဦးစန်းကြည်၊ ဦးမျိုးဆန်း၊ ဦးစိုးစိုး၊
မောင်ယုဆိုင်၊ ထွန်းမင်းလတ်၊ ဖိုးသာထူးတို့ဖြစ်ပြီး ကိုအေးထွန်းမှာ
နှုတ်ခမ်းပေါက်ကာ သွားကျိုးသည့်ဒဏ်ရာများ ရရှိခဲ့သည်ဟု ၄င်းက
ဆက်လက်ပြောဆိုသည်။
“ဘာမှအပြစ်မရှိဘဲနဲ့ကို ထိုးတာ၊ နှစ်ယောက်လုံးကိုလည်း အပြစ်ရှိတယ်၊
မြေပေါက်ရမယ်လို့လဲ ကြိမ်းမောင်းသွားတယ်၊ ခုတော့ အဲ့ဒီလူတွေက
မကျေနပ်လို့ (၂၈)ရက်နေ့က မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်”ဟု
ဒေသခံတဦးက ဆိုသည်။
ကဒပ္ပနကျေးရွာ (ရယက)ဥက္ကဌ ဦးခင်ဝင်းသည် တပည့်လူမိုက်များကိုမွေးမြူကာ
၎င်းမကျေနပ် သူများကို အပြစ်မရှိအပြစ်ရှာကာ အဓမ္မစော်ကား၊
မူးယစ်ရမ်းကားမှုများ ပြုလုပ်ခြင်းကြောင့် ရွာသားအများစုက
ကြောက်လန့်နေကြပြီး အချို့မှာ ဒဏ်မခံနိုင်တော့၍ ရွာပြောင်းရွှေ့သွား
သည်များပင်ရှိကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
နအဖစစ်အစိုးရမှ ယခင် ကျေးရွာ၊ မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးတွင်
တာဝန်ရှိသူများအနေဖြင့် ပြည်သူများအပေါ် အာဏာအလွဲသုံးစားပြုလုပ်ကာ
နည်းအမျိုးမျိုးဖြင့် ငွေကြေးကောက်ခံ ခြင်းနှင့် မောက်မာစွာ
ဆက်ဆံခြင်းများကြောင့် အုပ်ချုပ်ရေးယန္တရားအား ပညာတတ်များ၊ ရပ်ရွာမှ
ကြည်ညိုလေးစားသူများနှင့် အစားထိုးခန့်အပ်ခဲ့သော်လည်း ယခုကဲ့သို့
ပြည်သူများ အပေါ် အာဏာအလွဲသုံးစားပြု ဆက်ဆံခြင်းများ
နိုင်ငံအနှံ့ဖြစ်ပေါ်နေဆဲဖြစ်သည်။ |