|
ချောက်မြို့နယ်မှ ၀တ်ပြုဆုတောင်းသူများ
နှောင့်ယှက်ခံရ
ဗထူး။ မေ
၃၁၊ ၂၀၀၇
ဒီပဲယင်းနှစ်ပတ်လည် (၄)နှစ်မြောက် ကျရောက်သည့် ယမန်နေ့က
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်
ချောက်မြို့နယ်မှ ၀တ်ပြုဆုတောင်းသူများ ကို အာဏာပိုင်များက
နှောင့်ယှက်မှုပြုခဲ့သည်။
ချောက်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်များက
အဆိုပါမြို့ရှိ မဟာအေး စေတီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဝတ်ပြုဆုတောင်းနေစဉ်
အာဏာပိုင်များက ကိုယ်ထိလက်ရောက် နှောင့်ယှက်ခဲ့ခြင်းဖြစ်သည်။
(NLD)ပါတီဝင် (၁၅)ဦးက ယမန်နေ့ညနေ (၆) နာရီတွင် ချောက်မြို့ပေါ်ရှိ
မဟာအေးစေတီသို့ သွားရောက်စဉ် ဘုရားဆင်းတုတော်တည်ရှိရာ တံခါးများကို
သော့ခတ်ပိတ်ထားကာ မြို့နယ်(မယက)၊ မြို့နယ်(ကြံ့ဖွံ့)နှင့်
ရဲတပ်ဖွဲ့ဝင်များ အင်အား (၈၀)ကျော်က ၀တ်ပြုဆုတောင်းနေစဉ်
ဟန့်တားနှောင့်ယှက်ခဲ့သဖြင့် အစီအစဉ် ပျက်ခဲ့ရသည်။
“ကျနော်တို့
သြကာသဆိုရုံပဲရှိသေးတယ်၊ မြို့နယ်မှူး ဦးချစ်ဆွေက ‘ဟေ့ရပ် - အခုရပ်-
အခုရပ်’ ဆိုပြီးတော့ သူ့လူတွေအကုန်လုံး ၀ိုင်းလာတယ်။ ကျနော်တို့က
သြကာသဆက်ဆိုတဲ့အချိန်မှာ ကြံ့ခိုင်ရေးအဖွဲ့တွေက ကျနော်တို့ကို
တွန်းပြီးတော့ရပ်ခိုင်းတယ်၊ ဇွတ်ရပ်ခိုင်းတော့ ကျနော် တို့လည်း
ရပ်လိုက်တယ်။ ဘုရားပေါ်မှာ ကျနော်တို့အတွက်နဲ့ ညစ်ညမ်းတဲ့ပြဿနာတွေ မဖြစ်
ပေါ်စေလိုတာကြောင့် အားလုံး ဆုံးဖြတ်ချက်ချပြီး ဘုရားပေါ်က
ငြိမ်းငြိမ်းချမ်းချမ်း ပြန်ဆင်း လာလိုက်တယ်”ဟု ချောက်မြို့နယ်
(NLD)အဖွဲ့ဝင် ဦးထွန်းငြိမ်းက ပြောသည်။
ဘုရားဝတ်ပြုဆုတောင်းသူများကို ဟန့်တားနှောင့်ယှက်ခြင်းနှင့်ပတ်သက်၍
မြို့နယ်(မယက) အာဏာပိုင်များကို (NLD)ပါတီဝင်များက
ညှိနှိုင်းပြောဆိုသော်လည်း (မယက)အတွင်းရေးမှူးက မည်သည့်
ဘုရားရှိခိုးဝတ်ပြုဆုတောင်းခြင်းကိုမှ ခွင့်မပြုနိုင်ကြောင်း
ပြန်လည်ပြောဆိုခဲ့သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါနေ့က
မြို့နယ်အာဏာပိုင်များလုပ်ရပ်ကြောင့် ဘုရားဖူးလာသည့် သံဃာအချို့နှင့်
ပြည်သူများမှာ တအံ့တသြဖြစ်ခဲ့ရပြီး အာဏာပိုင်များလုပ်ရပ်ကို
မကျေမနပ်ဖြစ်ခဲ့ရသည်ဟု ဆိုသည်။
“ကျနော်မြင်တာက သြကာသ စဆိုတဲ့အချိန်မှာ မြို့နယ်မှူးနဲ့
ကြံ့ခိုင်ရေးတွေက ဘုရားဝတ်ပြု နေတဲ့သူတွေကို ‘လုပ်မရဘူး၊
အခုရပ်’ဆိုပြီး လက်မောင်းကို ဆွဲလားရမ်းလားလုပ်တာ၊ ကျနော် တို့
မကျေနပ်ဘူးပေါ့ဗျာ။ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ်
ဘုရားရှိခိုးခွင့်ရှိတာပဲ” ဟု အဆိုပါနေ့က ဘုရားဖူးသွားရောက်ခဲ့သူ
ကိုမြင့်ကိုက ပြောသည်။
ယမန်နေ့တွင်
မြန်မာပြည်အနှံ့အပြားတွင် ဒီပဲယင်း (၄)နှစ်ပြည့်အဖြစ် ၂၀၀၃ ခုနှစ်၊ မေလ
(၃၀) ရက်နေ့က အာဏာပိုင်များ၏ အကြမ်းဖက် ရိုက်နှက်မှုကြောင့်
ကျဆုံးသွားသူများအတွက် (NLD) ပါတီဝင်များက ဆွမ်းသွတ်အလှူဒါနနှင့်
အမျှပေးဝေဆုတောင်းပွဲများကို ပြုလုပ်ခဲ့ရာ ရေနံ ချောင်းမြို့နယ်
(NLD)ပါတီဝင်များကိုလည်း မြို့နယ်(မယက)နှင့် ကြံ့ဖွံ့အဖွဲ့များက
ဟန့်တား နှောင့်ယှက်ခဲ့သဖြင့် ပါတီဝင် ဦးတင်ကြိုင်၏နေအိမ်တွင်
သံဃာတော်များ မပါဝင်ဘဲ ပြုလုပ်ခဲ့ရ သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်
ရွေးကောက်ပွဲ နှစ်ပတ်လည်အခမ်းအနားအပြီး ရွှေတိဂုံစေတီတော်တွင်
ဝတ်ပြုဆုတောင်းရန်သွားရောက်သူ့ (NLD)ပါတီဝင်များ၊ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်များနှင့် ပရိသတ် (၁,၀၀၀) ကျော် အား
အာဏာပိုင်များက ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုတားမြစ်ခဲ့သဖြင့်
(NLD)ပါတီဌာနချုပ်ရုံး ရှေ့မှပင် ၀တ်ပြုဆုတောင်းခဲ့ရသည်။ |