|
သံဃာတော်များတားဆီးခြင်းကြောင့်
ဝတ်ပြုဆုတောင်းသူများ လွတ်မြောက်
ဗထူး။ မေ
၂၅၊ ၂၀၀၇
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်
ဝတ်ပြု ဆုတောင်းသူများကို အာဏာပိုင်များ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးစဉ်
သံဃာတော်များက တားဆီးခဲ့၍ ၀တ်ပြုဆုတောင်းသူများ
ပြန်လည်လွတ်မြောက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်
ဝတ်ပြု ဆုတောင်း၍ ဘုရားပေါ်မှပြန်အဆင်းတွင် အရပ်ဝတ် ၀တ်ထားသည့်
ကြံ့ဖွံ့နှင့်ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးစဉ်
သံဃာတော်များက တားဆီးခဲ့ခြင်းဖြစ်သည်။
ယနေ့နံနက်တွင် ရန်ကုန်မြို့ပေါ်ရှိ ခြောက်ထပ်ကြီးဘုရားတွင်
ဝတ်ပြုဆုတောင်းရန် သွားရောက် ခဲ့သည့် ( NLD)ပါတီဝင် (၃၀)ကျော်အား
စစ်အစိုးရဖွဲ့စည်းထားသည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး
အသင်း(ကြံ့ဖွံ့)နှင့် ရဲတပ်ဖွဲ့ဝင်များက အရပ်ဝတ်များဝတ်ဆင်၍
ဘုရားဂေါပကအဖွဲ့ဟုဆိုကာ အကြမ်းဖက် ရိုက်နှက်၍ ၀တ်ပြုဆုတောင်းသူများကို
ဖမ်းဆီးခဲ့သည်။
“ကျနော်တို့
ပါတီဝင် (၅)ယောက်လောက်ကို သူတို့က (၁)ယောက်ကို လေးငါးယောက်လောက်
ချုပ်ဟေ့လို့ အော်ဟစ်ထိုးနှက်ပြီးတော့ ဖမ်းသွားတယ်။ နောက်က
ကျန်တဲ့သူတွေက လိုက်ပြီး တော့ ဆွဲရမ်းပြောတဲ့အခါကျတော့ ဒီကောင်တွေက
မလွှတ်သေးဘူး။ ဘေးပတ်ဝန်းကျင်မှာ လည်း သံဃာတော်တွေ
ဆွမ်းခံထွက်နေတဲ့အချိန် ဖြစ်တာကြောင့်မို့ ဆရာတော်ဘုရား တပည့်
တော်တို့ကို ကယ်ပါ။ ဒါ မတရားဖမ်းဆီးတာပါလို့ တောင်းဆိုတယ်။ ကျနော်တို့
အော်လို့ လွှတ်ပေးတာမဟုတ်ဘူး။ သံဃာတော်တွေက ၀င်ပြီးတော့ ဒါမျိုးမလုပ်နဲ့
ဘာညာ ပြောဆိုတဲ့ အခါကျမှ သံဃာတော်တွေကို ရှိန်ပြီးတော့ လွှတ်ပေးလိုက်တာ”
ဟု ဗဟန်းမြို့နယ်မှ (NLD) ပါတီဝင် ကိုမိုးနိုင်က ဆိုသည်။
တာမွေအ၀ိုင်းရှေ့၊ ရွှေညောင်ပင်တွင် နံနက် (၉) နာရီခန့်က လူစုကာ
နှစ်ယောက်တတွဲ စီတန်း ၍ ခြောက်ထပ်ကြီးဘုရားသို့ (NLD)ပါတီဝင်များ
ဝတ်ပြုဆုတောင်းရန်အတွက် ပြင်ဆင်နေသည့် အချိန်တွင် တာမွေမြို့နယ်
(ကြံ့ဖွံ့)အဖွဲ့မှ လူလေးငါးဦးက ဒေါ်အောင်ဆန်းစုကြည်နှင့် ၄င်း၏
ခင်ပွန်း မိုက်ကယ်အဲရစ် ပုံပါသည့် တီရှပ်များကို ၀တ်ဆင်ထားသည်ကို
တွေ့ခဲ့ရသည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
ယနေ့ဆုတောင်းပွဲသို့ နယ်မှ (NLD)ပါတီဝင်များပါ ပူးပေါင်းပါဝင်ကြပြီး
နယ်ဘက်မှလာသော အသက်အရွယ်ကြီးရင့်သည့် လူကြီးပိုင်းများနှင့် အမျိုးသမီး
(၁၀)ဦးကျော် ပါဝင်သည်ဟု ဆိုသည်။
ခြောက်ထပ်ကြီးဘုရားတွင် ၀တ်ပြုဆုတောင်းနေစဉ် (NLD)ပါတီဝင်များနှင့်
မလှမ်းမကမ်းတွင် လူအုပ်စုတစုက ကျယ်လောင်စွာ ၀တ်ပြုဆုတောင်းခြင်းများကို
ပြုလုပ်၍ အနှောင့်အယှက် ပေးခဲ့သည်။
“၀တ်ပြုဆုတောင်းနေတုန်း သူတို့အဖွဲ့ (၁၅)ယောက်လောက်ကလည်း လာပြီးတော့
အော်ကြီး ဟစ်ကျယ် ဆုတောင်းတယ်။ ပုဆိန်ရိုးတွေ
ဘာဖြစ်ပါစေအရှင်ဘုရားပေါ့နော်၊ တိုင်းပြည်ကို အမျိုးချစ်တဲ့
မြန်မာပြည်သားတွေ အုပ်ချုပ်နိုင်ပါစေ၊ အဲ့သလိုမျိုးအော်ပြီး
ဆုတောင်းတာ” ဟု ဆုတောင်းရာတွင် ပါဝင်ခဲ့သူ (NLD)ပါတီဝင်
အမျိုးသမီးတဦးက ဆိုသည်။
(NLD)ပါတီဝင်များမှာ ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်အနီရောင်ကိုသာ
ဝတ်ဆင်၍ ဆုတောင်းလေ့ရှိပြီး ယခုအခါ အာဏာပိုင်များဘက်မှ
ဒေါ်အောင်ဆန်းစုကြည်နှင့် ခင်ပွန်းသည်ပုံကို အနက်ရောင်ဖြင့်
ရိုက်နှိပ်ထားသည့် တီရှပ်များကို ၀တ်ဆင်ထားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်
ပြည်တွင်း ပြည်ပမှ တောင်းဆိုမှုများကို စစ်အစိုးရအနေဖြင့်
ပြန်လည်တုံ့ပြန်ခြင်းမရှိသည့်အပြင် ၄င်းတို့၏ ဖမ်းဆီးခံထားရသည့်
ပါတီဝင်များအား ချွင်းချက်မရှိ လွှတ်ပေးရန် (NLD)ပါတီက တောင်းဆိုနေ
သည့်ကြားက ယခုကဲ့သို့ အကြမ်းဖက် ဖမ်းဆီးခြင်းကိုသာ စစ်အစိုးရက
ဆက်လက်ပြုလုပ်လာ လျှက်ရှိသည်။
လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းသူများက ပန်ကြားချက်တစောင် ယနေ့
ထုတ်ပြန် လိုက်ပြီး အထွေထွေ လူထုအကြပ်အတည်းမှ လွတ်မြောက်ရေးနှင့်
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးမှာ ဒင်္ဂါးတချပ်၏
ခေါင်းနှင့်ပန်းပမာဖြစ်သည်ဟု ဖော်ပြကာ ၀တ်ပြုဆုတောင်းပွဲ များကို
အကြမ်းမဖက်ရေးလမ်းစဉ်ဖြင့် ဆက်လက်ပြုလုပ်သွားမည်ဖြစ်၍ လာမည့် မေလ (၂၇)
ရက်နေ့တွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်ကြရန်
(NLD)ပါတီဝင်များနှင့် ပြည်သူလူထုအား ပန်ကြားထားသည်။ |