|
အင်္ဂါနေ့ဝတ်ပြုဆုတောင်းသူများ
ခေတ္တဖမ်းဆီးခံရ
ဗထူး။ မေ ၈၊
၂၀၀၇
ရွှေတိဂုံစေတီပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ
လွတ်မြောက်ရေး အတွက် ၀တ်ပြုဆုတောင်းသူ (NLD)ပါတီဝင်အချို့ကို ယနေ့
နေ့လည်ပိုင်းက အာဏာပိုင်များက ခေတ္တဖမ်းဆီးခဲ့သည်။
အင်္ဂါနေ့တိုင်း ပြုလုပ်ခဲ့သည့် အဆိုပါ ၀တ်ပြုဆုတောင်းပွဲအား
ပြုလုပ်ခဲ့ရာ ယနေ့တွင် ရွှေတိဂုံ ပေါ်ရှိ ၀တ်ပြုဆုတောင်းနေသော
(NLD)ပါတီမှ အဖွဲ့ဝင် (၇)ဦးကို ဘုရားရဲများက ဖမ်းဆီးပြီး
ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
“ရွှေတိဂုံဂေါပက ဘုရားရဲဝတ်စုံနဲ့ လူတွေပေါ့။ သူတို့ဘက်ကတော့
မီးသတ်ဝတ်စုံတွေလည်း ပါတယ်။ ရဲဝတ်စုံ ၀တ်ထားတဲ့လူတွေလည်းပါတယ်။
ဘုရားရှိခိုးနေတုန်းအချိန်မှာ သူတို့က လာပြီးတော့ ခဏလိုက်ခဲ့အုံး၊
အင်္ကျီဝတ်တဲ့လူတွေခေါ်အုံး၊ လိုက်ခဲ့အုံးဆို ခေါ်သွားတာပါ။ အဲလို
ခေါ်သွားပြီးတော့ အခုနှစ်ချက်ခွဲတော့ ပြန်လွှတ်တယ်”ဟု
ဝတ်ပြုဆုတောင်းပွဲသို့ သွားရောက် ခဲ့သူ ရှေ့နေဦးအေးမြင့်က ပြောသည်။
စတင်ဖမ်းဆီးသည့်အချိန်မှာ နေ့လည်တနာရီခန့်ကဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဒီဇိုင်း အသစ် အနီရောင်ဖြင့်
တီရှပ်ဝတ်ဆင်ထားသူများကိုရွေးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဒေါ်နော်အုံးလှ
အပါအ၀င် တီရှပ်ဒီဇိုင်း(ဟောင်း)များ ၀တ်ထားသူများကို
ဖမ်းဆီးခြင်းမရှိခဲ့ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
ယနေ့
ရွှေတိဂုံဘုရားပေါ်သို့ (NLD)ပါတီဝင် (၅၀)ခန့်က
တက်ရောက်ဆုတောင်းဝတ်ပြုခဲ့ပြီး အာဏာပိုင်များ ဖမ်းဆီးစဉ်
ဘုရားပေါ်ရောက်ရှိနေသော ပြည်သူအများစုက ၀ိုင်းအုံကြည့်ရှုခဲ့ သည်။
အဆိုပါဆုတောင်းပွဲများကို ရန်ကုန်မြို့ရှိ ဒဂုံမြို့သစ်နှင့်
သင်္ကန်းကျွန်းမြို့နယ်များတွင် လည်း (NLD)ပါတီဝင်များက အဆိုပါတီရှပ်များ
ဝတ်ဆင်ကာ ဆုတောင်းခဲ့ကြသော်လည်း အာဏာပိုင်များ နှောင့်ယှက်မှုမရှိခဲ့ပေ။
“ကျနော်ကတော့ ဒီနေ့မှ ရန်ကုန်ကို ရောက်လာတာပါ။ အင်္ဂါနေ့ဆုတောင်းပွဲကို
အားပေးဖို့သွား တာ။ အနှောင့်အယှက်ပြုတယ်ဆိုတာ တခါမှ မကြုံဖူးလို့။
ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ယဉ်ယဉ်ကျေးကျေးလား၊
မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံလား ဆိုတာကို ကျနော် သွားစောင့်ကြည့်
တာပါ။ အခုပုံအတိုင်းဆိုရင်တော့ ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ဆက်ဆံပြီးတော့
ပြန်လွှတ်လိုက်တဲ့ အခြေအနေပါ”ဟု ဦးအေးမြင့်က ဆိုသည်။
ဖမ်းဆီးခံရသူများကို ပြန်မလွှတ်မချင်း နေပူထဲတွင် (NLD)ပါတီဝင်များက
ထိုင်စောင့်ခဲ့ပြီး ကျန်သူများကို အာဏာပိုင်များက အနှောင့်အယှက်
တစုံတရာမပေးခဲ့ပဲ အဖမ်းခံရသူများကို အဆိုပါတီရှပ်အင်္ကျီများအား
မည်သည့်အတွက်ဝတ်ဆင်သည်နှင့် အခြားမေးခွန်းများကို မေးမြန်း ခဲ့ပြီး
တီရှပ်များကို ချွတ်ခိုင်းကာ ဘုရားအောက်ရောက်မှ ပြန်လည်ဝတ်ဆင်ရန်
ပြောဆိုခဲ့ သည်ဟု (NLD)ပါတီဝင်တဦးက ဆိုသည်။
ယနေ့
ခေတ္တဖမ်းဆီးခံရသူများတွင် ကိုသီဟန်၊ ကိုညီညီလင်း၊ ကိုရွှေထူး၊
ကိုဌေးလွင်၊ ဒေါ်ခင်ဝင်းကြည်တို့ ပါဝင်ပြီး ကျန်နှစ်ဦးအမည်များကို
မသိရှိရပေ။
ယခုလ
(၁)ရက်နေ့မှ (၃၀)ရက်နေ့ထိ တလအကြာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး
အကျဉ်းသားများ လွတ်မြောက်ရေးအတွက် (NLD)ပါတီဝင်များက နိုင်ငံအနှံ့
ဝတ်ပြုဆုတောင်း ခြင်းနှင့် လက်မှတ်ရေးထိုး တောင်းဆိုမှုများကို
ပြုလုပ်လျှက်ရှိသည်။ |