Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

တရားလိုကျေးရွာဥက္ကဋ္ဌအား စစ်ဆေးမှု စိတ်ဝင်စားသူများပြား
(HRDP) မှ အာမခံမှုကို ဆက်လက်မတောင်းဆို

ဗထူး။ မေ ၄၊ ၂၀၀၇

ယနေ့စတင်စစ်ဆေးသည့် လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများ(HRDP) အား အာဏာပိုင် များက တရားစွဲဆိုသည့် တရားရုံးသို့ ပြည်သူအများ လာရောက်ခဲ့ပြီး အာမခံရလိုမှုလျှောက်ထား ချက်ကို (HRDP) အဖွဲ့ဝင်တဦးက ငြင်းဆိုခဲ့သည်။ 

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်တရားရုံးတွင် အာဏာပိုင်များစွဲဆိုခဲ့သည့် အမှုအား ယနေ့ စတင်စစ်ဆေးခဲ့ရာ စိတ်ဝင်စားသူပြည်သူအများ လာရောက်နားထောင်ခဲ့ပြီး အာမခံရရန် ယခင် ရက်များက လျှောက်ထားချက်ကို ငြင်းဆိုခဲ့ခြင်းဖြစ်သည်။ 

ပုဒ်မ ၅၀၅ (ခ) (ဂ)ဖြင့် ပြီးခဲ့သည့်လ (၁၈)ရက်နေ့က လူ့အခွင့်အရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ သူများအား အာဏာပိုင်များက အကြမ်းဖက်ရိုက်နှက်ခဲ့ပြီးနောက် တရားစွဲဆိုခဲ့သည့်အမှုအား ဟင်္သာတမြို့နယ်တရားရုံးက ယနေ့နံနက်တွင် စတင်စစ်ဆေးခဲ့သည်။ 

“ဒီနေ့က အုတ်ပုံကျေးရွာ (ရယက)ဥက္ကဋ္ဌကို စပြီးစစ်ဆေးတာ၊ ရှေ့နေဦးအောင်သိန်းက မေးခဲ့ တာပါ၊ ညနေ (၄) နာရီလောက်မှ ပြီးသွားတယ်၊ လူက ၂၀၀ လောက် ရှိတယ်ခင်ဗျ။ ကိုမြင့်လှိုင် ရဲ့ အာမခံကိစ္စကတော့ သူ့ရဲ့ မိတ်ဆွေထဲက ပြောတာကတော့ သူအတွက်တော့ လျှောက်ရင် တော့ ရမှာတဲ့။ ဒါပေမယ့် ကျန်တဲ့ ၅ ယောက်ကို မပေးတဲ့အတွက် သူလည်း မလျှောက်ဘူး လို့တော့ ပြောတယ်” ဟု (HRDP) အဖွဲ့ဝင်တဦးက ဆိုသည်။ 

ပြီးခဲ့သည့်လ (၁၈)ရက်နေ့က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ကညင်ငူကျေးရွာအုပ်စုအတွင်း လူ့အခွင့်အရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (HRDP) အဖွဲ့အား မြို့နယ် (မယက) ရဲနှင့် စစ်အစိုးရဖွဲ့စည်းထားသော အဖွဲ့များက လူစုလူဝေးဖြင့် ရိုက်နှက်ခဲ့ရာ (HRDP) အဖွဲ့ဝင်နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။  

ရိုက်နှက်ခဲ့သည့် အာဏာပိုင်များကိုယ်တိုင်က ပြန်လည်တရားစွဲဆိုခံခဲ့ရသည့် (HRDP) အဖွဲ့ဝင် ကိုမြင့်လှိုင်နှင့် ကျေးရွာသား ၅ ဦးကို ပြီးခဲ့သည့် (၂) ရက်နေ့က တရားရုံးအမိန့်ဖြင့် ဟင်္သာတ ထောင်တွင် ချုပ်နှောင်ရန် တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

အာဏာပိုင်များရိုက်နှက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည် (HRDP) အဖွဲ့ဝင် ကိုမြင့်လှိုင် က ယခင်နေ့က ဆေးရုံစစ်ချက်များဖြင့် အာမခံတောင်းဆိုထားမှုကို ယနေ့ ငြင်းပယ်လိုက်သည်။

“ဈေးရောင်းတဲ့ ဈေးသည်တွေကအစ အဲဒီကို သွားကြတယ်။ အစိုးရဝန်ထမ်းမဟုတ်တဲ့ ဝန်ထမ်း တွေပေါ့နော်၊ ပုဂ္ဂလိကကုမ္ပဏီက၀န်ထမ်းကအစ သွားနားထောင်တဲ့ လူတွေရှိတယ်။ အမှုကို လူတိုင်းသိတာကိုး။ သူတို့ စိတ်မကောင်းဘူးပေါ့နော်။ အမှန်မှာ သူတို့အရိုက်ခံရတယ်၊ မသေ ဘူး၊ သူ့ကိုရိုက်တဲ့လူကို သူသိတယ်၊ သူကနေ အမှုဖွင့်တယ်ဆိုတော့ အကုန်လုံးတော့ ဝမ်းသာ နေကြတယ်။ နောက်ပိုင်းကျတော့ သူ့ကို အဲ့လို ဝရမ်းထုတ်တယ်၊ ဖမ်းတယ်ဆိုတော့ မခံနိုင်ကြ ဘူးပေါ့ဗျာ” ဟု တရားရုံးသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ ဟင်္သာတမြို့နေသူတဦးက ဆိုသည်။ 

ယနေ့တရားရုံးစစ်ဆေးမေးမြန်းမှုတွင် လူအများ သွားရောက်ခဲ့မှုအပေါ် အာဏာပိုင်များက နှောင့်ယှက်မှုမရှိခဲ့သော်လည်း ယခင်ရက်များနှင့် ယနေ့တွင်လည်း တရားရုံးပြင်ပမှ အများ ပြည်သူအား ခြိမ်းခြောက်ပြောဆိုမှုများရှိခဲ့သည်။ (HRDP) အဖွဲ့ဝင်များ တည်းခိုသည့်အိမ်၊ တည်းခိုခန်းနှင့် မိတ်ဆွေများအား  အာဏာပိုင်များက လက်မခံရန် ဖိအားပေးခြင်းများ ရှိခဲ့ပြီး အကယ်၍ လက်ခံပါက ဖမ်းဆီးအရေးယူရနိုင်သည်ဟု ခြိမ်းခြောက်ပြောခဲ့သည့်အတွက် ဒေသခံများအနေဖြင့် ယခင်က လက်မခံရဲသူများပင် ရှိခဲ့သည်ဟုဆိုသည်။ 

“ဗြောင်တော့ သူတို့ကနေပြီးတော့ အမိန့်ထုတ်ထားတာမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် လာတဲ့လူတွေတချို့ကို မဆိုင်ဘဲနဲ့ သွားမကြည့်နဲ့၊ ဘာမှန်းမသိဘူး၊ ပြန်ပြန်ဆိုပြီး ဒါမျိုးပြော လွှတ်တဲ့ လူတွေရှိတယ်လေ။ ပြောတဲ့လူတွေက သူတို့ အာဏာပိုင်အဖွဲ့အစည်းဘက်က ဝန်ထမ်း တွေရော၊ နောက် ရဲတွေရော၊ ရဲသတင်းတပ်ဖွဲ့ (SB) က အဲဒါမျိုးတွေပေါ့။ ကြံ့ဖွံ့တွေကတော့ ဒီအထဲကို ရောက်တဲ့အထိတော့ မလာဘူးပေါ့နော်။ အပြင်ကနေပြီးတော့ သူတို့က သတင်းတွေ လွှင့်တာပေါ့။ ထောင်ရှင်းထားတယ်၊ လာကြည့်တဲ့လူတွေကို ဖမ်းမယ်၊ လူ ၅၀ လောက်ဖမ်းဖို့ရှိ တယ် ဘာညာ အဲဒါတွေတော့ ပြောတာပေါ့” ဟု စိတ်ဝင်စားသူ ဈေးသည်တဦးက ဆိုသည်။  

ယနေ့ မိုးများ အဆက်မပြတ်ရွာသည့်ကြားမှ မခံမရပ်နိုင်သည့် ပြည်သူများမှာ ထင်ထားသည် ထက် များပြားပြီး အုတ်ပုံရွာသား သုံးဆယ်ကျော်နှင့် ဟင်္သာတမြို့ခံများ ပေါင်းလိုက်သည့်အခါ လူ ၂၀၀ ကျော်ခန့်ရှိသည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။ 

အဆိုပါအမှုကို ဆက်လက်စစ်ဆေးရန် တရားရုံးက ယခုလ (၁၁) ရက်နေ့ကို ပြန်လည်ချိန်းဆို လိုက်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org