|
လူ့အခွင့်အရေးများ ဆင့်ကာဆင့်ကာ ချိုးဖောက်ခံရဟု (HRDP) ပြော
ရိုးမ ၃။ မေ
၈၊ ၂၀၀၇
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ (HRDP) အဖွဲ့က
ဟင်္သာတအကျဉ်းထောင်တွင် ဖမ်းဆီး ချုပ်နှောင်ထားသည့် အဖွဲ့ဝင်များ၏
အခွင့်အရေးအတွက် ယနေ့ သဘောထားထုတ်ပြန် လိုက်သည်။
ထောင်ဝင်စာနှင့် ကျန်းမာရေးအရ ဆေးကုသခွင့်၊ ဆေးဝါးပေးပို့ခွင့်များကို
အာဏာပိုင်များက ကန့်သတ်ပိတ်ပင်ထားသည့်အတွက် အဆိုပါအဖွဲ့က
သဘောထားထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့်လ (၁၈)ရက်နေ့က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊
အုတ်ပုံကျေးရွာအနီးတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကို
ဒေသဆိုင်ရာအာဏာပိုင်များနှင့် ၄င်းတို့ ဖွဲ့စည်း ထားသည့် အသင်းဝင်များက
အကြမ်းဖက် ရိုက်နှက်ခဲ့သည့်အတွက် (HRDP)အဖွဲ့ဝင်နှစ်ဦး ပြင်းထန်စွာ
ဒဏ်ရာရရှိခဲ့သည်။
ရန်ကုန်ဆေးရုံကြီးတွင် ဦးခေါင်းနှင့် ခန္ဓာကိုယ်များ၌ ပြင်းထန်သည့်
ဒဏ်ရာများအား ဆေးကုသ မှုခံယူပြီးနောက်
ရောဂါသေချာစွာပျောက်ကင်းခြင်းမရှိပဲ ဆေးရုံမှ ဆင်းခဲ့အပြီးတွင်
အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်သည့် အာဏာပိုင်များက
ပြန်လည်တရားစွဲခဲ့သည့်အမှုကို ရင်ဆိုင်ရာ သက်ဆိုင်ရာတရားရုံးက
ကျန်းမာရေးအတွက် အာမခံချက်မပေးပဲ ရဲချုပ်နှောင်မှုဖြင့် ဟင်္သာတ
အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။
(HRDP)၏
ယနေ့ထုတ်ပြန်ချက်တွင် ပုဒ်မ ၅၀၅ (ခ) (ဂ) ဖြင့် အမှုစွဲဆိုခံထားရသည့် (HRDP)အဖွဲ့ဝင်
ကိုမြင့်လှိုင်မှာ ဦးခေါင်းဒဏ်ရာအား ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့်
အာရုံကြောဌာနသို့ မပျက်မကွက် လာရောက်ရန် ယနေ့တွင် ဆရာဝန်မှ
ချိန်းဆိုထားပြီး ညွှန်ကြားထားသည့် ဆေးဝါးများအား
သောက်သုံးနေရဆဲဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့အပြင်
လူ့အခွင့်အရေးဆိုင်ရာများကို စိတ်ဝင်တစားဖြင့် လာရောက်နားထောင်ခဲ့၍
ဖမ်းဆီး ခံထားရသည့် အုတ်ပုံရွာသား ဦးလှရှိန်မှာလည်း
လေဖြတ်ထားသည့်ရောဂါ ခံစားနေရပြီး (HRDP)အဖွဲ့ဝင်များမှာ တရားလက်လွတ်
ဝိုင်းဝန်းရိုက်နှက်ခံရသူများဖြစ်ပါလျှက် တရားခံများ အဖြစ်
ဖမ်းဆီးခံရခြင်း၊ ထောင်တွင်း၌လည်း အကျဉ်းသား၊
အချုပ်သားတို့၏ရပိုင်ခွင့်များ ဆုံးရှုံး နေရခြင်းများကြောင့်
အာဏာပိုင်များ၏ လူ့အခွင့်အရေးကို ဆင့်ကာဆင့်ကာ ချိုးဖောက်ခံနေရ သည်ဟု
ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ |