Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဧည့်စာရင်းဖြင့်အဖမ်းခံရသည့် (HRDP) အဖွဲ့ဝင်များ ရဲဘက်စခန်းသို့ ပို့ဆောင်ခံခဲ့ရ

ရိုးမ ၃။ မေ ၇၊ ၂၀၀၇

ဧည့်စာရင်းမတိုင်ကြားသဖြင့် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသူ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ (HRDP) အဖွဲ့ဝင် (၃)ဦးကို ထောင်အာဏာပိုင်များက ရဲဘက်စခန်းသို့ ပို့ခဲ့သည်။

ယခုလ (၁) ရက်နေ့က ရန်ကုန်တိုင်း၊ လသာမြို့နယ်တွင် ရပ်ကွက်(ရယက)နှင့် ရဲတပ်ဖွဲ့ဝင်များ က ဖမ်းဆီးပြီးနောက် လသာမြို့နယ်တရားရုံးမှ ဧည့်စာရင်းမတိုင်ကြားမှုဖြင့် ထောင်ဒဏ် (၇)ရက် ချမှတ်ခံခဲ့ရပြီးနောက် ရဲဘက်စခန်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

နယ်အသီးသီးမှ လာရောက်ခဲ့သည့် အဆိုပါ (HRDP)အဖွဲ့ဝင်များသည် မိတ်ဆွေဖြစ်သူ၏ အိမ်တွင် တည်းခိုနေစဉ် အစိုးရရုံးပိတ်ရက်များကြောင့် ဧည့်စာရင်းတိုင်ကြားရန် အခက်အခဲဖြစ် နေစဉ် နံနက် (၃)နာရီခန့်တွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

“ကျွန်တော်တို့ကို (၂)ရက်နေ့မှာ လသာတရားကရုံးကနေ ထောင်ဒဏ် (၇)ရက် ချတယ်ပေါ့။ အဲဒါနဲ့ အင်းစိန်ကို အဲဒီညပို့တယ်။ အင်းစိန်မှာ (၂)ရက်နေ့ ညအိပ်တယ်။ နောက်နေ့ (၃)ရက်နေ့ နေ့ခင်းကျတော့ ကျွန်တော်တို့ကို ခြေကျင်းတွေခတ်ပြီးတော့ ဒီက ရိက္ခာတင်တဲ့ကားနဲ့ တင်ပြီး ကျွန်တော်တို့ (၃)ယောက်ကို လှည်းကူးမြို့အနားမှာရှိတဲ့ လှေလှော်အင်းဆိုတဲ့ ရဲဘက်ကို ပို့တယ်”ဟု အဖမ်းခံခဲ့ရသူ ကိုအောင်ကျော်စိုးက ပြောသည်။

ဖမ်းဆီးခံရခဲ့ရသူများမှာ ကိုရင်ကြည် (ခ) ပြားကြီး (ပဲခူးတိုင်းမင်းလှမြို့)၊ ကိုအေးလွင် (ဧရာဝတီ တိုင်း၊ ဟင်္သာတမြို့နယ်၊ အုတ်ပုံကျေးရွာ)၊ သာပေါင်းမြို့မှ မိမိတို့ (၃)ဦးဖြစ်ပြီး ယနေ့ မနက်တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ရဲဘက်စခန်းတွင် အလုပ်လုပ်မလုပ်ခဲ့ရသော်လည်း အုတ်ဖုတ် နှင့် အခြားလုပ်ငန်းများသို့ အများနည်းတူ သွားရောက်ခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောဆို သည်။ 

စစ်အစိုးရလက်ထက်တွင် နိုင်ငံအနှံ့အပြား ရပ်ကွက်ကျေးရွာအလိုက် ဧည့်စာရင်းတိုင်ကြားမှု များ ပြုလုပ်နေရသော်လည်း ယခုကဲ့သို့ ဧည့်စာရင်းမှုများမှာ ဒဏ်ငွေပေးဆောင်ခြင်း၊ သတ်မှတ် ရက်ပြည့်အချုပ်နှင့် ထောင်များတွင် နေထိုင်ရခြင်းများရှိသော်လည်း အဆိုပါအမှုဖြင့် ယခုကဲ့သို့  ရဲဘက်စခန်းသို့ ပို့ဆောင်ခြင်းများမရှိခဲ့ပေ၊  

အကျဉ်းဦးစီးဌာန အရာရှိနှင့် ရဲသား (၃)ယောက်ပါဝင်သည့် ရိက္ခာပို့ကားဖြင့် ရဲဘက်စခန်းသို့ ပို့ဆောင်ခံခဲ့ရသည့် အဆိုပါ (HRDP) အဖွဲ့ဝင် (၃)ဦးအနက် ကိုအေးလွင်မှာ  အာဏာပိုင်များ၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ကိုမြင့်လှိုင်နှင့် ကိုမောင်မောင်လေးတို့ နှစ်ဦးအား ကူညီရန် ရန်ကုန်ဆေးရုံကြီးတွင် လူနာစောင့်အဖြစ် လိုက်ပါလာသူတဦးဖြစ်သည်။ 

“ကျနော်တို့ (HRDP)က သူတွေမို့ လုပ်တာထင်တယ်၊ ဒီဧည့်စာရင်းစစ်တယ်ဆိုတာက လူ့အခွင့် အရေးနဲ့ ညီညွတ်မှုမရှိပါဘူး၊ ၁၉၀၇ ခုနှစ်က ဥပဒေ၊ ခေတ်မှီပြောင်းလဲလာတဲ့ ဒီရာစုနှစ်ထဲမှာ နိုင်ငံတနိုင်ငံမှာ ဒီလိုဥပဒေတွေ မရှိသင့်တော့ပါဘူး၊ လူ့အခွင့်အရေးတွေကို အားလုံး လိုက်နာ တန်ဖိုးထားနေတဲ့အချိန်မှာ ပြည်သူလူထုရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကို အာမခံမပေးနိုင်တဲ့ ဒီလိုဥပဒေတွေ မရှိသင့်တော့ဘူးလို့ ကျနော်ထင်တယ်”ဟု ကိုအောင်ကျော်စိုးက ဆိုသည်။

စစ်အစိုးရအနေဖြင့် နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူများအား နည်းအမျိုးမျိုးဖြင့် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ပြီးခဲ့သည်လ (၁၈) ရက်နေ့က အာဏာပိုင်များရိုက်နှက်မှုကြောင့် ဒဏ်ရာပြင်းထန် စွာ ရရှိခဲ့သည့် (HRDP) အဖွဲ့ဝင်တဦးနှင့် ကျေးရွာသားအချို့အား ဟင်္သာတမြို့နယ်တရားရုံးက အာဏာပိုင်များ ပြန်လည်စွဲချက်တင်ခဲ့ပြီးနောက် အာမခံမပေးဘဲ ပုဒ်မ ၅၀၅ (ခ) (ဂ) တို့ဖြင့် ချုပ်နှောင်စစ်ဆေးခဲ့သည်။   

အကြမ်းဖက်ရိုက်နှက်ခဲ့သည့် အာဏာပိုင်များက ပြန်လည်တရားစွဲဆိုခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရ သူများမှာ ကိုမြင့်လှိုင်(HRDP) ၊ ကျေးရွာသားများဖြစ်ကြသည့် ဦးမြစိန်၊ ဦးလှရှိန်၊ ဦးမြင့်၊ ကိုဝင်းနှင့် ကိုကျော်လွင်တို့ဖြစ်ကြပြီး ဆွေမျိုးများက ထောင်ဝင်စာသွားတွေ့သည်ကို ထောင် အာဏာပိုင်က လက်မခံကြောင်းဆိုသည်။ 

“ဦးလှရှိန်ဆိုတာက လေဖြတ်ရောဂါခံစားထားရတဲ့လူ၊ ကိုမြင့်လှိုင်ကလည်း ခေါင်းဒဏ်ရာက သိပ်မကောင်းသေးဘူး၊ ဟင်္သာတထောင်ပိုင်ကြီးကိုယ်တိုင်က ဒီမနက်သွားတော့ ထောင်ဝင်စာ တွေ့ခွင့်လည်း မပေးဘူး၊ ဆေးဝါးလည်း သွင်းခွင့်မပေးဘူး၊ ကျန်းမာရေးအတွက် အတော့်ကို စိုးရိမ်ရတယ်ဗျာ”ဟု ဟင်္သာတမြို့နေ အမည်မဖော်လိုသူဆွေမျိုးတဦးက ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org