Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဥပဒေအရ တရားစွဲတင်ရသည့်အမှုမဟုတ်ကြောင်း တရားရုံးသို့လျှောက်လဲခဲ့

ဗထူး။ မေ ၁၂၊ ၂၀၀၇

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ(HRDP) အဖွဲ့ဝင်များအား အာဏာပိုင်များက ပုဒ်မ ၅၀၅ (ခ) (ဂ) ဖြင့် တရားစွဲဆို၍ မရနိုင်ကြောင်း မနေ့က ဟင်္သာတမြို့နယ်တရားရုံးတွင် ရှေ့နေကြီး ဦးအောင်သိန်းမှ တင်ပြခဲ့သည်။ 

ယမန်နေ့က အာဏာပိုင်များ၏ စွဲဆိုထားသည့် ရုံးချိန်းသို့ သွားရောက်ခဲ့ပြီး တရားလိုများအား စစ်ဆေးမေးမြန်းခဲ့သည့် (HRDP) အဖွဲ့ဝင်များ၏ အကျိုးဆောင်ရှေ့နေက တရားရုံးသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။ 

အာဏာပိုင်များက ပြန်လှန်တရားစွဲဆိုခဲ့သည့် ပုဒ်မ ၅၀၅ (ခ) (ဂ) တို့တွင် ပုဒ်မ ၅၀၅ (ခ) သည် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်သည့်ပြစ်မှုကို လူတဦး (သို့မဟုတ်) လူတစုက ကျူးလွန်လာစေရန် လှုံ့ဆော်ခြင်းဖြစ်၍  ၅၀၅ (ဂ)မှာ လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစု အချင်းချင်းဖြစ်စေ တဖက်နှင့်တဖက် ပြစ်မှုကျုးလွန်အောင် လှုံ့ဆော်ခြင်းဖြစ်ကာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၂) နှစ်အထိ ကျခံရမည်ဖြစ်သည်။ 

“ဒီလိုလုပ်ချင်တဲ့ အကြံအစည်ရှိမရှိဆိုတဲ့ ပြဿနာကိုလည်း အလေးထားရမယ်။ အဲဒီလို အကြံအစည်မရှိဘူးဆိုရင် ဒီပုဒ်မအရ တရားစွဲဆိုခွင့် မရှိဘူးဆိုတာ ဥပဒေက အသေအချာ အတိအကျ ပြဌာန်းထားတယ်။ ကိုမြင့်နိုင်တို့အဖွဲ့ ဒီရွာကို ရောက်သွားတယ်ဆိုတာက လူ့အခွင့် အရေး ကြေညာစာတမ်း၊ စာရွက်စာတမ်း ဝေငှဆွေးနွေးဖို့ပါ။ နောက်တခါ ဒီမှာ မတရားမှု ပြုလုပ်နေတဲ့ ကိစ္စတွေရှိလို့ရှိရင် ပြောပါ၊ သူတို့ မှတ်တမ်းထားပါ့မယ်၊ နောက် အာဏာပိုင် အဖွဲ့အစည်းကိုယ်တိုင်က တိုင်ကြားနိုင်အောင်လို့ လမ်းဖွင့်ထားတယ်လို့ပြောခဲ့တာပါ” ဟု ရှေ့နေကြီး ဦးအောင်သိန်းက ဆိုသည်။  

အတွေ့အကြုံအရ အဆိုပါအမှုမျိုးကို ရဲအရာရှိကသာလျှင် တရားလိုလုပ်၍ စွဲဆိုရမည်ဖြစ်ပြီး (ရယက)ဥက္ကဋ္ဌမှ အရေးကြီးသည့် အဆိုပါပုဒ်မဖြင့် တရားစွဲခွင့်ပေးသည်မှာ နောက်ပိုင်းတွင် ယခုအမှုနှင့်ပတ်သက်၍ ရင်လေးဖွယ်ရာဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။ 

ပြီးခဲ့သည့်လ (၁၈) ရက်နေ့က အုတ်ပုံကျေးရွားအနီး (HRDP)အဖွဲ့ဝင်များကို အာဏာပိုင်များက လူစုလူဝေးဖြင့် အကြမ်းဖက် ရိုက်နှက်ခဲ့ပြီးနောက် ကိုယ်တိုင်ပါဝင်ကျူးလွန်ခဲ့သည့် အာဏာပိုင် များက (HRDP)အဖွဲ့ဝင် ကိုမြင့်နိုင်နှင့် ကျေးရွာသား (၅)ဦးကို ပုဒ်မ ၅၀၅ (ခ) (ဂ) ဖြင့် တရား စွဲဆိုခဲ့သည်။ 

ယမန်နေ့က ဟင်္သာတတရားရုံးတွင် တရားလိုသက်သေများဖြစ်သည့် အင်္ဂပူကျေးရွာ (ရယက) ဥက္ကဋ္ဌ ဦးဝင်းဇော်ဦးနှင့် အုတ်ပုံကျေးရွာ (ရယက )ဥက္ကဋ္ဌ ဦးအောင်သန်းတို့အား တရားခံများ၏ ရှေ့နေအကျိုးဆောင်က မေးမြန်းခဲ့သည်။ 

အကြမ်းဖက်တိုက်ခိုက်ခံရသည့်နေ့က အုတ်ပုံကျေးရွာ ဘုန်းကြီးကျောင်းတွင် လူ (၂၀၀) ခန့် စုဝေးရောက်ရှိနေခြင်းမှာ တရားစခန်းသိမ်းသည့်အတွက် ဝေယျာဝစ္စလုပ်ရန် လူစုထားခြင်းသာ ဖြစ်ကြောင်း တရားလိုသက်သေက ထွက်ဆိုခဲ့သည်။ 

“ရန်ကုန်မြို့မှာရှိတဲ့ တရားစခန်းအကြီးကြီးတွေတောင်မှ လူ (၂၀၀)လောက်၊ (၃၀၀)၊ (၄၀၀)လောက် တရားလာထိုင်တာတောင်မှ အဲဒီလို ဝေယျာဝစ္စလုပ်ဖို့ လူ (၂၀၀) စုထားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး၊ အဲ့တော့ လူ (၂၀၀) စုထားတယ်ဆိုတာ အုတ်ပုံရွာ အရှေ့ဘက်အထွက်မှာ ကိုမြင့်နိုင်တို့အဖွဲ့ကို ဝိုင်းရိုက်ဖို့ထဲမှာ ဒီ လူ (၂၀၀)စလုံးပါတယ်ဆိုရင် ဘာပြောမလဲလို့ ကျနော်က အဲဒီ ထွက်လာတဲ့သက်သေကို ကျနော်မေးတယ်”ဟု ဦးအောင်သိန်းက ဆိုသည်။ 

တရားလိုသက်သေဖြစ်သူ ရပ်မိရပ်ဖဆိုသူတဦးက  အဆိုပါနေ့တွင် သူ့အနေဖြင့် ပဉ္စင်းတက်နေ သဖြင့် ကျောင်းအပေါ်တွင် အိပ်စက်နေခဲ့ရာ အခင်းဖြစ်ပွားခဲ့ပြီးမှသာ သိရှိခဲ့ရကြောင်း ထွက်ဆို သွားသည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

အာဏာပိုင်များ၏ ရိုက်နှက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရှိခဲ့သည့် (HRDP)အဖွဲ့ဝင် ကိုမြင့်နိုင် ကလည်း အကြမ်းဖက်မှုတွင်ပါဝင်သော အာဏာပိုင်များအား တလုတ်ထော်ရဲစခန်းတွင် အမှုဖွင့် တရားစွဲခဲ့သည့်အမှုကို လာမည့် (၁၆)ရက်နေ့၌ တရားခွင်တွင် စစ်ဆေးမည်ဖြစ်ပြီး ယခုအမှုနှင့် ပတ်သက်၍ စစ်အစိုးရ၏ နေပြည်တော်မှ ညွှန်ကြားချက်စာရောက်နေသည်ဟု ဆိုသည်။ 

ယခုစစ်ဆေးနေသည့် ဟင်္သာတမြို့နယ်တရားရုံးတွင် အာဏာပိုင်များ တရားစွဲဆိုခဲ့သည့် အမှုကို စတင်လက်ခံခဲ့သူ တရားသူကြီး ဒေါ်မြင့်မြင့်စန်းက စစ်ဆေးနေခြင်းမဟုတ်ဘဲ တရားသူကြီး ဦးအောင်မင်းဆိုသူက ပြောင်းလဲစစ်ဆေးနေခြင်းဖြစ်ပြီး ယမန်နေ့က အာဏာပိုင်များက ဟင်္သာတမြို့နယ်ရှိ ကျေးရွာများမှ တရွာလျှင် (ရယက)အဖွဲ့ဝင် (၅) ဦးစီ အမိန့်ဖြင့် ဆင့်ခေါ် ထားရာ နှစ်ဖက်လာရောက်သူများ များပြားကြောင်း တရားရုံးသို့ သွားရောက်နားထောင်ခဲ့သူ ဒေသခံတဦးက ဆိုသည်။ 

“နေပြည်တော်ရဲ့ညွှန်ကြားချက်အရဆိုတဲ့ ပုံစံမျိုးကို ရုံးဒိုင်ယာရီမှာ တရားသူကြီးက ရေးထား တာပေါ့နော်။ ညွှန်ကြားချက်စာကို ကျနော်တို့ အမှုတွဲမှာ တွဲမထားဘူးဗျ။ ဥပဒေမှာတော့ အဲဒီလို လုပ်လို့မရဘူးဗျ။ ဥပေဒမှာ လွတ်လပ်တဲ့ တရားစီရင်ရေးဆိုရင်တော့ တရားသူကြီးက သူ့ဟာသူ လွတ်လွတ်လပ်လပ် ဒီပုဒ်မနဲ့ လက်ခံနိုင်လား၊ မခံနိုင်လား။ ဒီပုဒ်မနဲ့ စစ်ဆေးလို့ရလား၊ မရလား ဆိုတာ ဒါ တရားသူကြီးရဲ့ Consideration ပေါ့ဗျာ”ဟု ဦးအောင်သိန်းက ဆိုသည်။ 

အမှုအောင်မြင်ခြင်း မအောင်မြင်ခြင်းမှာ တရားသူကြီး၏ အဆုံးအဖြတ်ပေါ်တွင်သာ မူတည်ပြီး ယခုအမှုနှင့်ပတ်သက်၍ တရားခံဘက်မှ မတရားသဖြင့်ခံရသည်များကို အကောင်းဆုံး ဖော်ထုတ်လုပ်ဆောင်သွားရမည်မှာ ရှေ့နေတဦး၏ တာဝန်သာဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသွားခဲ့သည်။ 

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org