|
ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန်
မလေးရှားတောင်းဆို
ဉာဏ်မောင်။
မေ ၇၊ ၂၀၀၇
နေအိမ်အကျယ်ချုပ်ကျခံနေရသည့်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရအနေဖြင့်
ပြန်လွှတ်ပေးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးကို စိတ်ဝင်စားသောအားဖြင့်
အသက်(၆၁)နှစ်ရှိပြီဖြစ်သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွတ်ပေးရန် လိုအပ်ကြောင်း အင်ဒိုနီးရှား
နိုင်ငံခြားရေးဝန်ကြီး ဆရက်ဟာမင့်အယ်လ်ဘာက အေအက်(ဖ်)ပီသတင်းဌာနသို့
ယမန်နေ့က ပြောဆိုလိုက်ခြင်းဖြစ်သည်။
စစ်အစိုးရအာဏာပိုင်များက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊
ဒီပဲယင်းကျေးရွာအနီး ၂၀၀၃ ခုနှစ်၊ မေလ (၃၀)ရက်နေ့က
ဒေါ်အောင်ဆန်းစုကြည်နှင့် (NLD)ပါတီဝင်များအား အကြမ်းဖက်
တိုက်ခိုက်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်
ချမှတ်ခဲ့သည်။
ယခုလအတွင်း
နေအိမ်အကျယ်ချုပ်သက်တမ်းပြည့်မည်ဖြစ်သည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်
ဦးတင်ဦးတို့အား အဆိုပါ ဒီပဲယင်းတိုက်ခိုက်မှုအပြီး တွင်
အင်းစိန်နှင့် ကလေးထောင်များသို့ ပို့ဆောင်ခဲ့ပြီးနောက် စစ်အစိုးရက
နေအိမ်အကျယ်ချုပ် ချမှတ်ကာ ယခုတိုင် ချုပ်နှောင်ထားဆဲဖြစ်သည်။
“ကျနော်တို့ရဲ့ ရပ်တည်ချက်ကို မပြောင်းသင့်ဘူး၊ စစ်အစိုးရကလည်း သူမကို
ဆက်လက် ထိန်းသိမ်းမထားသင့်တော့ဘူး၊ နိုင်ငံရေးအရ
ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေကို စစ်အစိုးရအနေနဲ့
ဆက်လုပ်သင့်တယ်လို့ ကျနော်ထင်တယ်၊ သူမကို ဆက်ထိန်းသိမ်းထားမဲ့ အစား
လွှတ်ပေးခြင်းက ပိုကောင်းပါတယ်”ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီးက
ဆိုသည်။
အာစီယံနိုင်ငံရှေ့နေများက စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား
ဆက်လက် ထိန်းသိမ်းထားခြင်းသည် အလွန်ရက်စက်ရာရောက်ပြီး
အာစီယံနိုင်ငံများက စစ်အစိုးရနှင့် စီးပွားရေး၊
ကုန်သွယ်ရေးဆက်သွယ်မှုအဆင့်ကို လျှော့ချသင့်သည်ဟု ဆိုသည်။
အာစီယံပါလီမန်အမတ်များအဖွဲ့(AMPIC) ဥက္ကဌ ဇိုက်အီဘရာဟင်က
“အပြစ်ပေးပြဌာန်းချက် ဟာ အလွန်ရက်စက်ရာရောက်ပါတယ်၊ စစ်အစိုးရအနေနဲ့
ဒေါ်အောင်ဆန်းစုကြည်၏ လူမှုရေးကို သက်ညှာစွာ စဉ်းစားကြောင်း ပြသင့်ပါတယ်၊
ဒီလိုလုပ်ဆောင်မယ်ဆိုရင် အာစီယံနိုင်ငံများက စစ်အစိုးရကို
ထောက်ခံကြမယ်လို့ ကျနော်မျှော်လင့်တယ်”ဟုဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် အာစီယံအစိုးရများအနေဖြင့်
အကူအညီမပေး ခဲ့ခြင်းမှာ သိသာထင်ရှားလှပြီး အာစီယံအဖွဲ့ဝင်နိုင်ငံများ၏
မေတ္တာရပ်ခံချက်ကိုလည်း စစ်အစိုးရ အနေဖြင့် အမြဲတမ်းလျစ်လျူရှုခဲ့သဖြင့်
(AMPIC)၏ မေတ္တာရပ်ခံချက်ကို အဖွဲ့ဝင်နိုင်ငံအစိုးရ များအနေဖြင့်
နားထောင်ပြီး မြန်မာစစ်အစိုးရအား ဖိအားပေးသင့်သည်ဟု ၄င်းက ဆက်လက်
ပြောဆိုသည်။
စစ်အစိုးရအနေဖြင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမှ
နိုင်ငံရေးအကျဉ်းသားများအား ပြန်လည်လွှတ်ပေး၍
အမျိုးသားပြန်လည်သင့်မြတ်ရေးကို စတင်ရန် ဖိအားပေးတောင်းဆိုမှုများ
ကို ယနေ့တိုင် လျစ်လျူရှုခဲ့ပြီး ပြည်တွင်းပြည်ပမှ
နိုင်ငံရေးပါတီများနှင့် အတိုက်အခံများကို ဆက်လက် ချေမှုန်းလျှက်ရှိသည်။
ယခုလ
(၁)ရက်နေ့မှစတင်ကာ ၁၉၉၀ပြည့်ရွေးကောက်ပွဲအနိုင်ရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင်များက (၃၀)ရက်နေ့အထိ
နိုင်ငံအနှံ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တလကြာ
လက်မှတ်ရေးထိုး တောင်းဆိုခြင်းနှင့် ဆုတောင်းခြင်းများကို ပြုလုပ်လျှက်
ရှိသည်။ |