|
လူထုရင်ဖွင့်စာများ နေရာအနှံ့ကပ်ခဲ့
ဗထူး။ မေ
၁၄၊ ၂၀၀၇
ပြည်သူလူထု၏ ရင်ဖွင့်လွှာစာရွက်များကို
မနေ့နံနက်က ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် အတွင်း
လူစည်ကားရာနေရာများတွင် လိုက်လံကပ်ထားသည့် လှုပ်ရှားမှုတခုဖြစ်ပေါ်ခဲ့သည်။
ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာ၏
ဈေးနှင့်လူစည်းကားရာနေရာများတွင် ယမန်နေ့ နံနက်ပိုင်းက
လိုက်လံကပ်ထားသည်ကို မြို့နေလူအများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယခုလိုက်လံကပ်ထားသည့် ရင်ဖွင့်စာများတွင် ယခင်ကကဲ့သို့
ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် အခြား ကိစ္စများ
ဖော်ပြတောင်းဆိုထားခြင်းမဟုတ်ပဲ ထင်ရှားသူများ၏ အဆိုအမိန့်များ ရေးသား
ထားသည်ဟု ဆိုသည်။
အခုကပ်ထားတဲ့စာတွေမှာ ဆော့ပင်အနီနဲ့ အနက်နဲ့ ရေးထားတာ။ ကြားသင်္ဘောဆိပ်၊
ဧရာဝတီ သင်္ဘောဆိပ်၊ ဘုရားကျောင်းဝိုင်းရယ်၊ အရှေ့ဘက်
အင်္ဂါဆွမ်းလောင်းအသင်းနဲ့ ရွာလယ်က ဈေးမှာကပ်ထားတာ။
(၇)နာရီထိုးလောက်ကျတော့ အာဏာပိုင်တွေက အကုန်လာဖြုတ်သွား တယ်ဟု
မြို့ခံတဦးက ဆိုသည်။
“လူ့ဘဝဆိုတာရခဲတယ်၊ လူလူချင်းမလေးစားရင် လောကပျက်စီးတတ်တယ်၊
လောကကြီးမှာ မိမိအတွက် အသုံးချတဲ့လူက လူယုတ်မာ၊ အများအတွက် အသုံးချသူက
သူတော်ကောင်း” ဟူသည့် ဦးဇောတိကနှင့် အရှင်ဇ၀နတို့၏
အဆိုအမိန့်များအပြင် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဟောင်း
ကိုဖီအာနန်ပြောသည့် “အချုပ်အခြာအာဏာသည် ပြည်သူကိုသတ်ရန်နှင့် ညှဉ်းပန်း
နှိပ်စက်ရန်မဟုတ်” ဟူသည့် စာများကို ရေးသားထားသည်ဟု မနက်အစောပိုင်း
ဈေးဝယ်သွား၍ အဆိုပါစာရွက်အား ဖတ်ခဲ့ရသူတဦးက ဆိုသည်။
အဆိုပါ
စာရွက်စာတမ်းများ ကပ်သည့်ကိစ္စနှင့် ပတ်သက်၍ မြို့နယ်အာဏာပိုင်များက
မြင်းကကုန်းတိုက်နယ်(ရယက)နှင့် ရဲတပ်ဖွဲ့အား ခေါ်ယူပြီး
မေးမြန်းခြင်းများပြုလုပ်ခဲ့ပြီး ယခု အချိန်အထိ မည်သူမည်ဝါက
အဆိုပါစာရွက်များ လိုက်လံကပ်ထားသည်ကို မသိရသေးကြောင်း ဒေသခံက ဆိုသည်။
မြန်မာနိုင်ငံရှိ အချို့မြို့နယ်များတွင်
ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် အခြားအထွေထွေ လူထုအကြပ် အတည်းနှင့်
အခွန်တိုးကောက်သည့်ကိစ္စများအပေါ် ကန့်ကွက်ဖော်ထုတ်သည့် အဖြစ်အပျက် များ
ဖြစ်ပွားနေလျှက်ရှိရာ မြင်းကကုန်းတိုက်နယ်တွင်
ပြီးခဲ့သည့်နှစ်လခန့်ကလည်း အခွန် တိုးကောက်မှုကို လျှော့ချပေးရန်
ပြည်သူများ၏ရင်ဖွင့်စာများကို လိုက်လံကပ်ထားသည့် လှုပ်ရှားမှု
ပေါ်ပေါက်ခဲ့သည်။ |