|
၈၈ မျိုးဆက်များ ဘုရားဝင်းအတွင်း
ဝင်ရောက်ဆုတောင်းခွင့်မရ
ဗထူး။ မေ
၂၁၊ ၂၀၀၇

၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်များက ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံ
ရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းရန်
ဘုရားဝင်းအတွင်း ဝင်ရောက်ခွင့်မရခဲ့ပေ။
တနင်္ဂနွေနေ့တိုင်း နိုင်ငံရေးအကျဉ်းသားမိသားစုများထံ အပတ်စဉ်
သွားရောက်အားပေးနေကြ သည့် ၈၈ မျိုးဆက်ကျောင်းသားများက
နိုင်ငံရေးအကျဉ်းသားမိသားစုများထံ သွားရောက်ပြီး အပြန်တွင် ဘုရားသို့်
ဝတ်ပြုဆုတောင်းရန် သွားရောက်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့က ၈၈
မျိုးဆက် ကျောင်းသားခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်၏
ဆွေးမျိုးများဖြစ်သည့် မောင်ဝမ်းကွဲ ဦးချိုအောင်သန်းနှင့်
ညီမ၀မ်းကွဲတော်စပ်သူ ဒေါ်ငယ်မမ သန်းတို့၏ နေအိမ်များသို့
သွားရောက်အားပေးခဲ့ပြီး ရန်ကုန်ကျောက်ကုန်းရှိ မိုးကောင်းဘုရားသို့
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်
ဆုတောင်းရန် သွားရောက်ခဲ့ကြသည်။
မိုးကောင်းဘုရားဂေါပကအဖွဲ့က ဘုရားဝင်ပေါက်တံခါးများကို
ပိတ်ထားခဲ့သဖြင့် ဘုရားအပြင် ဘက်မှ ၀တ်ပြုဆုတောင်းကာ
ဝင်းတခါးသံဇကာများတွင် သပြေပန်းများကို ထိုးစိုက်လှူဒါန်းခဲ့ ကြရာ
ဘုရားဝင်းအတွင်းရောက်ရှိနေသော ပြည်သူ (၄၀)ခန့်က ကြောက်ရွံ့ခဲ့သော်လည်း
အဆိုပါ ဘုရားဝင်းပြင်ပမှ ဒေသခံအမြောက်အများက သူတို့လုပ်ရပ်ကို
ထောက်ခံအားပေးခဲ့ကြ သည်။
“စိတ်ဝင်စားတယ်ဆိုတာ မင်းကိုနိုင်မှန်းလည်း သိတယ်ဗျာ။ ၈၈ မျိုးဆက်
ကျောင်းသားမှန်း လည်း သိတယ်။ အဖြူရောင်ဝတ်စုံတွေနဲ့ လူတန်းကြီး
ဝင်လာကတည်းက ဘုရားမှာ လာဆုတောင်းမှန်းသိနေပြီ၊ ကျနော်တို့က
ချိုးငှက်တွေ လွှတ်တယ်၊ သံပြိုင်ဆုတောင်းကြတယ်။ ခြုံပြီးပြောရရင်
ဒီတနှစ်လှုပ်ရှားမှုတွေ အကုန်လုံးနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုထောက်ခံမှု
ကတော့ အပြည့်ရှိတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ
ကိုဂျင်မီက ဆိုသည်။
စစ်အစိုးရအာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်နှင့်
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်း
ဝတ်ပြုဆုတောင်းမှုပြုလုပ်နေသည့် (NLD)ပါတီဝင် (၃၉)ဦးအား ယခင်အပတ်
အင်္ဂါနေ့က ဖမ်းဆီးခဲ့ပြီးနောက် ယခုအထိ ပြန်လည်လွှတ်ပေးခြင်း
မရှိသည့်အချိန်တွင် ၈၈ မျိုးဆက် ကျောင်းသားများနှင့် နိုင်ငံအနှံ့
ဝတ်ပြုဆုတောင်းသူများကို အာဏာပိုင်များက ဟန့်တားနှောင့်ယှက်မှုများ
ပြုလုပ်နေဆဲဖြစ်သည်။
“အပွင့်လင်းဆုံးပြောရရင်တော့ သူတို့မှာ ဘာသာတရား ရှိတယ်ဆိုရင်လည်း
ဟန်ဆောင်ရှိတာပဲ ဖြစ်လိမ့်မယ်။ ရှိတယ်ဆိုလို့ရှိရင်လည်း သိပ်ပြီးတော့
နားမလည်ဘူး။ ဘာဖြစ်လို့ နားမလည်လဲ ဆိုတော့ ဗုဒ္ဓဘာသာဆိုတာက အတ္တကို
ပယ်ရတာ။ အတ္တရှိတဲ့သူနဲ့ အတ္တပယ်တဲ့ အယူအဆနဲ့ တခြားစီပဲ။
အတ္တရှိတဲ့သူတွေဟာ အတ္တပယ်တဲ့ ၀ါဒကို လက်ခံတယ်ဆိုတာ အပေါ်ယံလောက်ပဲ
လက်ခံတာ။ လက်တွေ့ကျကျ လက်ခံတာမဟုတ်ဘူး။ အတ္တကို ပယ်ဖို့ပြောလာရင်
အတ္တကိုပယ်ဖို့ ကြိုးစားလာတဲ့ လူတွေဆိုရင် အဲဒါ သူတို့နဲ့
ထိပ်တိုက်တွေ့တာပဲ”ဟု ကိုဂျင်မီက ဆိုသည်။
တနင်္ဂနွေနေ့တိုင်း နိုင်ငံရေးအကျဉ်းသားမိသားစုများအား
သွားရောက်တွေ့ဆုံခြင်းနှင့် ၀တ်ပြု ဆုတောင်းရသည့် ရည်ရွယ်ချက်မှာ
မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသားများရှိကြောင်း၊ (၂) အချက်အနေဖြင့်
နိုင်ငံရေးအကျဉ်းသား အထီးမကျန်စေဖို့ တကမ္ဘာလုံးက ၀ိုင်းဝန်းထောက်ခံ
နေကြောင်း ပြသရန်ဖြစ်သည်ဟု ဆိုသည်။
၈၈ မျိုးဆက်
ကျောင်းသားများသည် တိုင်းပြည်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
တွေ့ဆုံဆွေးနွေးရေးများ စတင်ရန် အစဉ်တစိုက် တောင်းဆိုခဲ့ပြီး ယခုလ
(၁၆)ရက်နေ့ကလည်း အထူးကြေညာချက်တစောင် ထုတ်ပြန်ကာ နိုင်ငံတကာနှင့်
ပြည်သူများ၏ ဆန္ဒကို အပြုသဘော တုံ့ပြန်ရန် စစ်အစိုးရကို
တောင်းဆိုခဲ့သည်။
၈၈
မျိုးဆက်များ၏ တောင်းဆိုချက်များအား အောင်မြင်သည်ဟု ဆုံးဖြတ်ပြီး
မကြာသေးခင် ကာလတွင် ကမ္ဘာ့နိုင်ငံများမှ နိုင်ငံခေါင်းဆောင်ဟောင်း
(၅၉)ဦး လက်မှတ်ထိုး၍ ဒေါ်အောင် ဆန်းစုကြည်နှင့်
နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် ဗိုလ်ချုပ်မှူးကြီး
သန်းရွှေထံ လက်မှတ်ရေးထိုး၍ စာရေးသားပေးပို့ခြင်းအပြင်
အာစီယံနိုင်ငံများ၏ တောင်းဆိုမှုများ၊ တလတာ (NLD)ပါတီဝင်များ၏
လက်မှတ်ရေးထိုးခြင်းနှင့် ၀တ်ပြုဆုတောင်းခြင်းများမှာ
အောင်မြင်မှုများဖြစ်ကြောင်း ကိုဂျင်မီက ဆက်လက်ပြောဆိုသည်။ |