|
အမျိုးးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ)
နှစ်ပတ်လည်အခမ်းအနား ကျင်းပ
ရိုးမ ၃။ မေ
၁၀၊ ၂၀၀၇

တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများနှင့် ဖွဲ့စည်းထားသည့်
အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု(မဒတ) နှစ်ပတ်လည်နေ့အခမ်းအနားကို
ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။
တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို
ရရှိရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများကို စုစည်းကာ
တပ်ပေါင်းစုတရပ်ကို တည်ထောင်နိုင်ခဲ့သည့် (မဒတ)၏ (၃၁)နှစ်မြောက်
အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၉) နာရီက စတင်
ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားသို့ (မဒတ)မှ ခေါင်းဆောင်များ၊
မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး
(မဒတ)ဖြစ်ပေါ်လာပုံသမိုင်းနှင့် (မဒတ)၏ တိုင်းရင်းသား များ
အခွင့်အရေးနှင့် ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်မှုများကို
ပြောကြားခဲ့သည်။
သဘာပတိအဖြစ်
(မဒတ)ဥက္ကဋ္ဌ ဖဒိုစောဘသင်စိန်က ဆောင်ရွက်ခဲ့ပြီး ဒုဥက္ကဋ္ဌ
ခိုင်စိုးနိုင်အောင် က (မဒတ) ဖြစ်ပေါ်လာပုံနှင့် ထင်ရှားလှသည့်
(မဒတ)ကိုယ်စားလှယ်များ မြန်မာပြည် မြောက်ပိုင်းဒေသသို့ ခရီးရှည်ချီတက်၍
ဘ၀တူတိုင်းရင်းသားများ (မဒတ)အလံတော်အောက် တစုတစည်းတည်း
ဝင်ရောက်လာစေခဲ့သည့် စည်းရုံးရေးလှုပ်ရှားမှုအကြောင်းတို့ကို ရှင်းလင်း
ခဲ့ပြီး တက်ရောက်လာသူများက ဂုဏ်ပြုစကားများ ပြန်လည်ပြောဆိုခဲ့သည်။
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ)ကို ၁၉၇၆ ခုနှစ်၊ မေလ (၁၀)
ရက်နေ့တွင် ဆုံးရှုံးနေ သော တိုင်းရင်းသားများ၏ အခွင့်အရေးများအတွက်
တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေးအင်အားစုများကို စုစည်း၍
ဖွဲ့စည်းခဲ့သည်။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်
အခွင့်အရေးများကို လူမျိုးတိုင်းရရှိရေးနှင့် ၄င်းအခွင့်အရေးကို
အခြေခံသော စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ကို
နိုင်ငံရေးရည်မှန်းချက် ချမှတ်ကာ ယနေ့တိုင် တိုက်ပွဲဝင်ခဲ့သည်။
၁၉၈၈ နှင့်
၁၉၉၀ ခုနှစ်များအတွင်းက နယ်စပ်ဒေသများသို့ ရောက်ရှိလာသည့် ကျောင်းသား
များ၊ နိုင်ငံရေးပါတီများကို စုစည်းကာ မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး၊ ပြည်ထောင်စုမြန်မာနိုင်ငံ
အမျိုးသားညွန့်ပေါင်းအစိုးရ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အပါအ၀င်
တိုင်းရင်းသားများနှင့် ဒီမိုကရေစီအင်အားစုများအား စုစည်း ၍
မြန်မာနိုင်ငံ ဒီမိုကရစ်တစ်မဟာမိတ်များအဖွဲ့ချုပ် စသည့်
အဖွဲ့အစည်းများကို ဖွဲ့စည်းနိုင်ရန် (မဒတ) က အစွမ်းကုန်
ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
နိုင်ငံရေးပြဿနာကို ဖြေရှင်းရာတွင်
ကမ္ဘာ့နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် ကိုက်ညီသော
နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်၊
သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ပေါ်လာရန်အတွက်
အင်အားစုအသီးသီးနှင့် လက်တွဲကာ အောင်မြင်သည် အထိ တိုက်ပွဲဝင်သွားမည်ဟု
ယနေ့ကျရောက်သည့် နှစ်ပတ်လည်နေ့တွင် (မဒတ)က ထုတ်ပြန် ကြေညာခဲ့သည်။
|