Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အကျဉ်းသားအခွင့်အရေးပေးရန် သတင်းစာဆရာကြီး ဦးဝင်းတင်တောင်းဆို

 

ဉာဏ်မောင်။ မတ် ၁၃၊ ၂၀၀၇

 

အသက်အရွယ်ကြီးရင့်ပြီး နှစ်ရှည်ထောင်ဒဏ် ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား သတင်းစာ ဆရာကြီး ဦးဝင်းတင်က သူ့အနေနှင့် အကျဉ်းသားအခွင့်အရေးများကို ရယူခံစားလို ကြောင်း ပြောကြားလိုက်သည်။

အသက်(၇၇)နှစ်ပြည့် ယမန်နေ့က သတင်းစာဆရာကြီး ဦးဝင်းတင်က နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် အကျဉ်းသား အခွင့်အရေးများအား ပြည့်ဝစွာခံစားလိုကြောင်း ပြောဆိုလိုက် ခြင်းဖြစ်သည်။

အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် မတ်လ (၈)ရက် နေ့က ထောင်တွင်းလှည့်လည် စစ်ဆေးစဉ် ဦးဝင်းတင်က ၎င်းအား နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ သတင်းစာဆရာကြီး တဦးအနေနှင့်လည်း သူ၏အကျဉ်းသားအခွင့်အရေး ရပိုင်ခွင့်တွင် အကြုံးဝင်ကြောင်း ပြောဆို ခဲ့သည်။

“ကျွန်တော့်ကိုလွှတ်ပေးဖို့ အသနားခံ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ရပိုင်ခွင့် အကျဉ်းသားအခွင့်အရေးအရ အနှစ် (၂၀)ကျသည့် ပြစ်ဒဏ်တွင် ထောင်တွင်းနေသား (၁၈)နှစ် ရှိပြီဖြစ်လို့ စောစောပိုင်း လွှတ်ပေးသင့်သည့်ရက်ထက် အများကြီး ကျော်လွန်နေပါပြီ”ဟု သူကပြောသည်။

မြန်မာနိုင်ငံအကျဉ်းထောင် လက်စွဲဥပဒေအရ မည်သည့်အကျဉ်းသားမဆို အဆင့် (၃)ဆင့်ခွဲ၍ လျှော့ရက်အဖြစ် ဆုမှတ်ရက်များခံစားခွင့်ရှိသည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။ A ကွာ (Quart) ဆုမှတ်ရက် (၄၅) ရက်၊ B ကွာတွင် (၃၂) ရက်၊  C ကွာတွင် (၂၃) ရက် ခံစားခွင့် ရှိသည်။ ကွာ (Quart) တခုလျှင် (၃) လဖြစ်ပြီး A ကွာရသူ အကျဉ်းသားတဦးသည် နေသား (၃) လရှိပြီးတိုင်း ဆုမှတ်ရက် (၄၅)ရက် ခံစားခွင့်ရှိသည့်အတွက် (၁၀)နှစ် ပြစ်ဒဏ်ကျခံရသူ အကျဉ်းသားတဦးသည် ထောင်တွင်းနေသား (၆) နှစ် (၈)လဖြင့် လွှတ်ပေးရသည်။ အခါအား လျှော်စွာ နေ့ကြီး၊ ရက်ကြီးများတွင်လည်း အမိန့်ပြန်တမ်းများဖြင့် လျှော့ရက်များရရှိ ခံစားခွင့် ရှိသည်။

ဦးဝင်းတင်သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက ထောင်ဒဏ် (၃)နှစ်သာ ချမှတ်ခဲ့သော်လည်း ထောင်တွင်းရောက်ပြီးမှ ၁၉၉၁ ခုနှစ်တွင် ဒေါက်တာစိန်ဝင်း၏ စင်ပြိုင်အစိုးရ ပေါ်ပေါက်ရေး အတွက် လမ်းညွှန်ခဲ့သည်ဟုဆိုကာ (၁၀)နှစ်နှင့် ၁၉၉၆ ခုနှစ် ထောင်တွင်း အကျဉ်းသား အခွင့်အရေး ခုခံကာကွယ်သည့်စာတမ်း လမ်းညွှန်ပေးသည့်အတွက် နောက်ထပ် (၇)နှစ် ထပ်တိုးကာ စုစုပေါင်း (၂၀)နှစ် ပြစ်ဒဏ်ကျခံနေခဲ့ရသည်။

ဦးဝင်းတင်သည် အသက်အရွယ်အရ နှစ်ရှည်ထောင်ဒဏ် ကျခံနေရသည့်အတွက် ကျန်းမာရေး အခြေအနေမှာ ဆိုးဝါးစွာ ပျက်ဆီးနေပြီး အသက်အန္တရာယ်စိုးရိမ်ရသဖြင့် သူ့အား ပြန်လွှတ်ပေး ရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်း ထောက်များအဖွဲ့နှင့် မြန်မာနိုင်ငံသတင်းသမဂ္ဂတို့က ပြန်လည်လွှတ်ပေးရန် တောင်းဆိုနေသော် လည်း စစ်အစိုးရက ယနေ့အချိန်အထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးပေ။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org