Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ထိုင်း-မြန်မာ သံလွင်ရေကာတာ စီမံကိန်းကို ဒေသခံပြည်သူများဆန္ဒပြ

 

ဘုန်းခိုင်။ မတ်လ ၁၄၊ ၂၀၀၇

 

ယနေ့ကျရောက်သည့် နိုင်ငံတကာ ရေကာတာဆန့်ကျင်ရေးနေ့တွင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် တွင်းမှ ကျေးရွာသားများနှင့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ဒေသရှိ ထိုင်းကရင်လူမျိုးများ စုပေါင်းပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်းတည်ဆောက်မည့် သံလွင်မြစ်ရေကာတာ စီမံကိန်း များကို ပြန်လည်ရုပ်သိမ်းပေးရန် ဖာပွန်ခရိုင်၊ ဟိုကေကျေးရွာ သံလွင်မြစ်ကမ်းနဖူးတွင် (၂)နာရီ နီးပါးကြာ ဆန္ဒပြခဲ့သည်။ 

ထိုင်း-မြန်မာနှစ်နိုင်ငံပူးပေါင်း၍ သံလွင်မြစ်အတွင်း ရေကာတာတည်ဆောက်ပါက သံလွင်မြစ် ဝှမ်းတလျောက်ရှိ သဘာဝသစ်တောများနှင့် တောရိုင်းတိရစ္ဆာန်များ၊ သံလွင်မြစ်တွင်း ရေနှင့် ရေသတ္တ၀ါများ ပျက်စီးမည့်အတွက် သံလွင်မြစ်အား အမှီပြုနေထိုင်သည့် ဒေသခံပြည်သူများ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ရင်ဆိုင်ရမည်ဖြစ်သည့်အတွက် ဆန္ဒပြခြင်းဖြစ်သည်။ 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဟိုကေကျေးရွာအနီးရှိ သံလွင်မြစ်ကမ်းနဖူးတွင် ဒေသခံပြည်သူ (၅၀၀)ကျော်က ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ ပူးပေါင်းတည်ဆောက်မည့် သံလွင်မြစ် ရေကာတာစီမံကိန်းများကို အလိုမရှိကြောင်း ကရင်ဘာသာဖြင့် ဆန္ဒပြကြွေးကြော်ခဲ့ပြီး ဖယောင်းတိုင်မီးများ ထွန်းညှိဆုတောင်းခဲ့သည်။ 

ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ကရင်မြစ်ချောင်းများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Karen Rivers Watch)ရဲ့ လက်ထောက်တာဝန်ခံ စောကရင်မ်က “အဓိကကတော့ သံလွင်ရေကာတာစီမံကိန်း ကို ပြန်လည်ရုပ်သိမ်းပေးရန်အတွက်ပဲ၊ အကယ်၍ ရေကာတာကို တည်ဆောက်လို့ရှိရင် ကျနော် တို့ရဲ့လူထုတွေဟာ သိန်းသန်းနဲ့ချီပြီး အိုးမဲ့ အိမ်မဲ့ဖြစ်သွားနိုင်တယ်၊ ဒီဒဏ်ကို ခံရနိုင်တယ်။ အဲဒါကြောင့်မို့လို့ ဒီနေ့မှာ လာရောက်ဆန္ဒပြရတဲ့ အကြောင်းအရင်းပဲ”ဟု ပြောသည်။ 

မြန်မာနိုင်ငံတွင်း သံလွင်မြစ်နှင့် တနော်ရစီမြစ်ဝှမ်းတွင် မီဂါဝပ် (၇,၀၀၀) ထုတ်လုပ်နိုင်မည့် တာဆန်းရေကာတာ၊ မီဂါဝပ် (၆၀၀) ထုတ်လုပ်နိုင်မည့် ဟတ်ကြီးရေကာတာ၊ မီဂါဝပ် (၄,၅၄၀) ထုတ်လုပ်နိုင်မည့် သံလွင်မြစ်အထက်ပိုင်း ၀ဲကြီးရေကာတာ၊ မီဂါဝပ် (၉၀၀) ထုတ်လုပ်နိုင်မည့် သံလွင်မြစ်အောက်ပိုင်း ဒါးဂွင်ရေကာတာနှင့် မီဂါဝပ် (၆၀၀) ထုတ်လုပ်နိုမည့် တနင်္သာရီအတွင်း ရေကာတာများကို ရေအားလျှပ်စစ်စီမံကိန်း (၅)ခုအတွက် တည်ဆောက်ရန် ထိုင်းအစိုးရ စွမ်းအင်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာတို့က ၂၀၀၅ ခုနှစ်၊ မတ်လတွင် ဖွံ့ဖြိုးမှုဆိုင်ရာ သဘောတူစာချုပ် ရေးထိုးခဲ့သည်။ 

အဆိုပါ ရေကာတာများအနက် ပထမဦးဆုံးတည်ဆောက်မည့် ဟတ်ကြီးရေကာတာကို ၂၀၀၇ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် သံလွင်မြစ်နှင့် သောင်ရင်းမြစ်အောက်ပိုင်း မြိုင်ကြီးငူဒေသ၌ စတင် လုပ်ဆောင်မည်ဖြစ်ကြောင်း ထိုင်းအစိုးရ စွမ်းအင်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ လျှင်စစ် စွမ်းအင် ဝန်ကြီးဌာနတို့ သဘောတူလက်မှတ် ရေးထိုးပြီးဖြစ်သည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org