|
ပင်လယ်အတွင်း ငါးဖမ်းစက်လှေပျက်ပေါ်မှ အစ္စလာမ်ဘာသာဝင် ၆ ဦးကို
စစ်အစိုးရ အာဏာပိုင်များက အမှုဆင်ဖမ်းဆီးကာ ပြီးခဲ့သည့်လက
ထောင်ချလိုက်သည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်နီမော်ရွာမှ ကျေးရွာသား ၆
ဦးအား စက်လှေပေါ်ပါ ပစ္စည်းများကို သိမ်းယူကာ ထောင်ဒဏ် ၂
နှစ်ခွဲစီချမှတ်လိုက်ခြင်းဖြစ်သည်။
ပင်လယ်ထဲသို့ ငါးဖမ်းသွားရင်း စက်လှေပျက်နေသည့် ဖော်ပြပါ ရွာသား ၆
ဦးကို ငါးဖမ်းခွင့် လိုင်စင်နှင့် စာရွက်စာတမ်း အပြည့်အစုံပါသော်လည်း
ဂွမြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာန(လ၀က)၀န်ထမ်းများနှင့် ရဲများက
စက်လှေပေါ်ပါပစ္စည်းအားလုံးကို သိမ်းဆည်းပြီး ဖမ်းဆီး
ထောင်ချခဲ့ခြင်းဖြစ်သည်။
“ငါးဖမ်းပိုက်တွေ၊ ဖမ်းမိထားတဲ့ ငါး၊ ပုဇွန်တွေအားလုံးကို
သိမ်းလိုက်တယ်။ စက်လှေအခွံကို တော့ ရွာက လှေပိုင်ရှင်ကို
ပြန်အပ်လိုက်တယ်။ ဖမ်းလို့ရထားတဲ့ ငါး၊ ပုဇွန်တန်ဖိုးက ၁၅ သိန်းဖိုး
လောက်တန်တယ်။ အားလုံး ကိုယ်ကျိုးအတွက်သုံးလိုက်တာ။ ဒီရာသီကလည်း ငါး၊
ပုဇွန် အတော်ရတဲ့ ရာသီဖြစ်တယ်”ဟု ကျောက်နီမော်ရွာသားတဦးက ဆိုသည်။
ဂွမြို့သည်
သံတွဲခရိုင်တွင်ပါဝင်သောကြောင့် အမိန့်ချမှတ်ပြီးနောက် သံတွဲသို့
လွှဲပြောင်းပေး လိုက်ပြီး တဦးကို ထောင် ၂ နှစ်ခွဲစီ ချမှတ်လိုက်ရာ
အဆိုပါဖမ်းဆီးခံရသူများမှာ အစ္စလာမ် ဘာသာဝင်များဖြစ်ပြီး အားလုံးမှာ
အသက် (၂၀) ၀န်းကျင်ရှိ လူငယ်များသာဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
၎င်းတို့အား
တရားရုံးမှ ပုဒ်မ (၆၃)၊ ပုဒ်မ (၁၈၈)တို့ဖြင့်
တရားစွဲဆိုထောင်ချခဲ့ခြင်းဖြစ်ပြီး တရားခံရှေ့နေများက အယူခံဝင်ရန်
ကြိုးစားလျှက်ရှိသည်။
သံတွဲအကျဉ်းထောင်တွင် ဖမ်းဆီးထောင်ချခံထားရသူ အစ္စလာမ်ဘာသာဝင် (၁၀၀)
ဝန်းကျင် ခန့်ရှိပြီး နယ်မြေကျော်ဝင်ရောက်မှုနှင့်
ဖမ်းဆီးထားသူများဖြစ်သည်။
ဒေသခံအဆိုအရ
“နယ်ကျော်တယ်ဆိုတာကတော့ ဥပမာ- သံတွဲကနေ ရန်ကုန်ကိုအလာ
ဂွမြို့မှာဖမ်းပြီး ထောင်ချတာများတယ်။ ၂၀၀၁ လောက်ထဲက စဖမ်းတာ”ဟု
ဆိုသည်။
ယခုလက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ခရိုင်မှူး မောင်ဖြူသည်
အစ္စလာမ်ဘာသာဝင် များကို နှိမ်နှင်းရာတွင် အဆိုးဆုံးဖြစ်ပြီး
သံတွဲမှခရီးသွားလိုသူ အစ္စလာမ်ဘာသာဝင်များသည် ဗီဇာလျှောက်ထားရပြီး
ဘိုးစဉ်ဘောင်ဆက်နေထိုင်လာသည့် အစ္စလာမ်ဘာသာဝင်များသည် ယခုအချိန်အထိ
နိုင်ငံသားခံယူခွင့်မရရှိကြောင်း ၄င်းက ပြောဆိုသည်။
“ဗီဇာတင်တိုင်းလည်း တိုင်းကိုတင်ပြရအုံးမယ်ဆိုပြီး ပယ်ချတာပဲ၊
သူတို့ဆီမှာ ပုံစံ (၄) ဆိုတာ ရှိတယ်။ နိုင်ငံခြားသား
ခရီးသွားလာခွင့်ပေါ့၊ ဘိုးစဉ်ဘောင်ဆက်ထဲက နေလာခဲ့တာကြာပြီ၊ ခုထိ
နိုင်ငံသားအဖြစ်ကို မရသေးဘူး” ဟု အစ္စလာမ်ဘာသာဝင်တဦးက ဆိုသည်။
ဂွမြို့နှင့် တောင်ကုတ်မြို့များတွင် ၁၉၈၄ ခုနှစ် ဘာသာရေးအဓိကရုဏ်းများ
ဖြစ်ပြီးနောက်ပိုင်း တွင် အစ္စလာမ်ဘာသာဝင်များ၏ ဗလီများကို
ဖျက်ဆီးခြင်းနှင့် အဆိုပါမြို့များမှ အစ္စလာမ် ဘာသာဝင်များကို
သံတွဲမြို့သို့ ပြောင်းရွှေ့ခဲ့ခြင်းများ ပြုလုပ်ခဲ့သလို ယခု
တောင်ကုတ်မြို့ရှိ စာတိုက်မှာ ယခင်အစ္စလာမ်ဘာသာဝင်များ၏
ဝတ်ပြုဆုတောင်းရာ ဗလီကျောင်းနေရာဖြစ် ကြောင်း ဒေသခံများအဆိုအရ သိရသည်။
ယခု ဂွမြို့
(လ၀က)နှင့် ရဲများ ဖမ်းဆီးထောင်ချခဲ့သူများမှာ မောင်ဖြူ (ခ) ဆယ်ဖွတ်၊
ကျော်မြင့် (ခ) အလီ၊ ညီလေး၊ မောင်လေး (ခ) ပါလေး၊ လှကျော်နှင့်
ရွှေမောင်(ခ) ဖိုးတူးတို့ဖြစ်သည်။
စစ်အစိုးရအနေဖြင့် နိုင်ငံတွင်းရှိ ဘာသာရေးခွဲခြားဆက်ဆံမှုများကို
အစဉ်တစိုက် ပြုလုပ်နေခြင်း နှင့်အတူ ယခုနှစ်ပိုင်းအတွင်း ရဲများနှင့်
ဒေသအာဏာပိုင်များက ပြည်သူများအား အမှုဆင် ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊
ရဲစခန်းနှင့် ထောင်များအတွင်း ရိုက်နှက်၍ အပြစ်မဲ့ပြည်သူအချို့
သေဆုံးရခြင်း၊ ဥပဒေမဲ့ကျူးလွန်ကာ အမှုဖျောက်ရန် ကြိုးစားခြင်းများ
နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေလျှက်ရှိသည်။ |