|
လာမည့်မြန်မာ့နှစ်သစ်ကူးတွင် မြို့ရွာများအလိုက်
မိမိတို့၏ဆန္ဒမှန်များကို ဖော်ထုတ်ကြရန်
ကျောင်းသားသမဂ္ဂများ(မြန်မာနိုင်ငံ)က ပြည်သူများအား
တိုက်တွန်းနှိုးဆော်လိုက်သည်။
လျှို့ဝှက်စွာ ဖွဲ့စည်းတည်ထောင်ထားသည့် အဆိုပါအဖွဲ့၏ (၃/၂၀၀၇)
အစည်းအဝေး ဆုံးဖြတ် ချက်အရ ငြိမ်းချမ်းစွာ နည်းပေါင်းစုံနှင့်
ဆန္ဒဖော်ထုတ်ပြသနေခြင်းများကို လက်ပိုက်ကြည့်မနေပဲ
ကျောင်းသားမျာအနေဖြင့် အဆိုပါလှုပ်ရှားမှုများအား ပူးပေါင်းဆောင်ရွက်ရန်
တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
မြို့တော်ခန်းမရှေ့ တကိုယ်တော်ဆန္ဒပြမှု၊ သိမ်ကြီးဈေးရှေ့ ဆန္ဒပြခဲ့သည့်
ကိစ္စရပ်များကို လက်ပိုက်ကြည့်နေလျှင် စစ်အစိုးရ၏ ရက်စက်စွာ
ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံကြရမည် ဖြစ်သဖြင့် ယခုအချိန်တွင်
အမှန်တရားဘက်မှရပ်တည်ကာ ပူးပေါင်းဆန္ဒပြရမည်ဟု အဆိုပါ ကြေညာချက်က
ဆိုသည်။
ကိုမင်းကိုနိုင်၊ ကိုကိုကြီး စသည့် ၈၈ မျိုးဆက်ကျောင်းသားများအား
စစ်အစိုးရမှ ထိန်းသိမ်းထား စဉ်ကလည်း
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ပုသိမ်ကောလိပ်ကျောင်းသားသမဂ္ဂ
များမှ စစ်အစိုးရအား ကန့်ကွက်သည့် သဘောထားထုတ်ပြန်ချက်နှင့်
ကျောင်းသားလှုပ်ရှားမှု များ ပေါ်ပေါက်လာခဲ့သလို ယခု
ကျောင်းသားသမဂ္ဂများ(မြန်မာနိုင်ငံ)၏ သဘောထား ထွက်ပေါ် လာခြင်းဖြစ်သည်။
စစ်အစိုးရအနေဖြင့် ပစ်မိန့်ပေးနိုင်သည့် အာဏာရှိသလို မိမိတို့တွင်လည်း
ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနိုင်ခွင့်နှင့်
ပေါင်းစည်းသည့်အင်အားရှိပြီး ပြည်သူအများ ညီညွှတ်ရေးရှိလာလျှင်
ဘဝတူစစ်သားများ၏ သေနတ်ပြောင်းဝများမှာ အာဏာရှင်ဘက်သို့
ဦးလှည့်သွားမည်ကို ယုံကြည်သည်ဟု ဆိုသည်။
ယနေ့ကမ္ဘာ့အခြေအနေသည် မြန်မာပြည် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရန်
စောင့်ကြပ်ပေးနေသဖြင့် အများဆန္ဒကို မျက်ကွယ်ပြု၍ အာဏာ
ဆက်လက်ဆုပ်ကိုင်ထားရေး ကို ပြုလုပ်နေသည့် လူတစုအား ရင်ဆိုင်ရန်အတွက်
မြန်မာ့နှစ်သစ်ကူးကာလတွင် မြို့နယ် ကျေးရွာအလိုက် လမ်းမပေါ်သို့ထွက်ကာ
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရန် တိုက်တွန်းထားသည်။ |