|
စစ်အစိုးရ၏
ခြံစည်းရိုးကြက်ဆူပျိုးပင်များကို အမိုးအကာအောက်တွင် ထားရှိရန်အတွက်
ကျေးရွာအာဏာပိုင်များက ပြည်သူလူထုအား အဓမ္မစေခိုင်းခြင်းများ
ပြုလုပ်လျှက်ရှိသည်။
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအုပ်စုတွင်
ကျေးရွာဥက္ကဋ္ဌမှ ရွာသူရွာသားများအား ကြက်ဆူပျိုးပင်ငယ်များထားရှိရန်
အမိုးအကာများကို အခမဲ့ စေခိုင်း ပြုလုပ်စေခဲ့ခြင်းဖြစ်သည်။
“တိုင်းမှူးအမိန့်လို့ပြောတယ်။
ဥက္ကဋ္ဌဦးကန်စိုးက ပြီးခဲ့တဲ့လ (၂၀)ရက်နေ့ထဲက ခိုင်းနေတာ။ ရက်ကွက်တခုကို
အိမ်ထောင်စု (၂၀)ခေါ်ပြီး ခိုင်းတာ။ အနားကရှိတဲ့ ကိုင်းပင်တွေကို
ခုတ်ပြီး အမိုးလုပ်ခိုင်းနေတာ”ဟု ဒေသခံကဆိုသည်။
ထိုသို့ပြုလုပ်ခိုင်းရာတွင်
မလုပ်နိုင်သူအိမ်ထောင်စုများကို တအိမ်လျှင် ဒဏ်ငွေတထောင် ပေးရန်နှင့်
ဝါးများကို ကျေးရွာရံပုံငွေမှ ထုတ်ယူသုံးစွဲရန် ကျေးရွာဥက္ကဋ္ဌမှ
သတ်မှတ်ထား ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
ခြံစည်းရိုးကြက်ဆူပင်မှ ဘိုင်အိုဒီဇယ်ဆီထုတ်လုပ်ရန်အတွက် စစ်အစိုးရက
စီမံကိန်းချမှတ်၍ နိုင်ငံတ၀ှမ်း စိုက်ပျိုးမှုများပြုလုပ်ခဲ့ရာ
ပြည်နယ်နှင့်တိုင်းအာဏာပိုင်များက မြို့နယ်ကျေးရွာ အလိုက်
စိုက်ပျိုးရေးအထူးဇုံများ သတ်မှတ်ကာ သတ်မှတ်ထားသည့် အပင်အရေအတွက်
အလိုက် မစိုက်မနေရ ပြည်သူများအား အဓမ္မစေခိုင်းမှုများကို
ပြုလုပ်လျှက်ရှိသည်။ |