|
မြန်မာနိုင်ငံကမ်းလွန်ပင်လယ်ရှိ
မုတ္တမကမ်းလွန်ရေနံမှ ရေနံနှင့်သဘာဝဓါတ်ငွေ့ တူးဖော်ရေး
နားလည်မှုစာချုပ်ကို စစ်အစိုးရက ပြီးခဲ့သည့်သောကြာနေ့က
လက်မှတ်ရေးထိုးခဲ့သည်။
Rimbunan
Petrogas Limited, UNOG Pte.Ltd စသည့် ကုမ္ပဏီနှစ်ခုနှင့်
အပြန်အလှန်အကျိုး တူခံစားခွင့်ရှိသည့် ရေနံနှင့်သဘာဝဓါတ်ငွေ့
ရှာဖွေတူးဖော်ထုတ်လုပ်ရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။
စစ်အစိုးရဘက်မှ စွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီနှင့်
မလေးရှားသံအမတ်ကြီး Dato Shaharuddin Bin Mohd Som တို့တက်ရောက်ကြသည့်
အဆိုပါစာချုပ် ချုပ်ဆိုပွဲကို နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးရုံး၌
ပြုလုပ်ခဲ့ပြီး UNOG Pte. ltdမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းကြိုင်
ဆိုသူလည်း တက်ရောက်ခဲ့သည်။
အဆိုပါ
ကုမ္ပဏီကြီးနှစ်ခုလုံး၏ အများဆုံးအစုရှယ်ယာပါဝင်သူမှာ
ကမ္ဘာ့ချမ်းသာသူများ စာရင်း ၀င် မလေးရှားနိုင်ငံသား
မလေးရှားစီးပွားရေးလုပ်ငန်းရှင် Tiong Hiew King ဆိုသူဖြစ်ပြီး
ဦးဝင်းကြိုင်မှာလည်း မြန်မာပြည်တွင် အဓိက ရုံးချုပ်ထားပြီး
၂၀၀၁ခုနှစ်က စင်္ကာပူနိုင်ငံတွင် ကုန်သွယ်ရေးကုမ္ပဏီအဖြစ်
မှတ်ပုံတင်ထားသော စီးပွားရေးလုပ်ငန်းများအတွက် လမ်းညွှန်
ပြသနေသည့်လုပ်ငန်း လုပ်ကိုင်နေသော IGE Pte.Ltdမှ မန်နေးဂျင်းဒါရိုက်တာ
တစ်ဦး ဖြစ်သည်။
အထူးသဖြင့်
မြန်မာနိုင်ငံအတွင်း ရေနံနှင့်သဘဝဓာတ်ငွေ့ ရှာဖွေတူးဖေါ်ရေးလုပ်ငန်းတွင်
ပြင်သစ်နိုင်ငံမှ Total SA, အမေရိကန်မှ Unocal Corp, မလေးရှားမှ
Petrogas, ထိုင်းနိုင်ငံမှ PTT Exploration & Production ကုမ္ပဏီနှင့်
တောင်ကိုရီးယားမှ Daewoo တို့သည် စစ်အစိုးရ နှင့် သဘောတူစာချုပ်
လက်မှတ်ရေးထိုးပြီး သဘာဝဓါတ်ငွေ့များ တူးဖော်ရောင်းချနေကာ အိန္ဒိယ၊
သြစတြေးလျ၊ ကနေဒါနှင့် အင်ဒိုနီးရှားနိုင်ငံမှ ကုမ္ပဏီများလည်းရှိသည်။
ယခု လက်မှတ် ရေးထိုးခဲ့သည့် Rimbunan Petrogas နှင့် IGE Pte.Ltd
ကုမ္ပဏီတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကလည်း ရခိုင်ကမ်းရိုးတန်းဒေသရှိ
ကမ်းလွန်လုပ်ကွက် A5 တွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖော်ထုတ်လုပ်ရန်
စစ်အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများက မြန်မာနိုင်ငံတွင်
လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ဒီမိုကရေစီနည်းအရ ရွေးကောက်ပွဲတွင်
အနိုင်ရရှိသောပါတီကို အာဏာလွှဲပြောင်းမပေးသည့် အတွက်
စီးပွားရေးပိတ်ဆို့ အရေးယူရန် မြန်မာနိုင်ငံအတွင်း
ရင်းနှီးမြုတ်နှံမှုများအား ကြပ်မတ် ထားသော်လည်း ယခုကဲ့သို့ စီးပွားရေး
အရောင်းအဝယ် စာချုပ်အသစ်များကို ဆက်လက် လက်မှတ်ထိုး
လုပ်ကိုင်နေဆဲဖြစ်သည်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးလှုပ်ရှားသူများနှင့်
တိုင်းရင်းသားလူနည်းစုတို့က ရေနံနှင့် သဘာဝဓါတ်ငွေ့
တူးဖော်လုပ်ကိုင်သည့်လုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ အဆိုပါ
ဒေသများမှ ဒေသခံများအပေါ် စစ်အစိုးရတပ်များ၏
လူ့အခွင့်အရေးချိုးဖောက်မှုများကို အစဉ် တစိုက် ထောက်ပြကာ
ကန့်ကွက်နေသည့်ကြားမှ နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ယခုကဲ့သို့
ထပ်မံတိုးမြှင့်ကာ ရေနံနှင့်သဘာဝဓါတ်ငွေ့များ ရရှိရေးကိုသာ
ဦးတည်လုပ်ဆောင် နေမြဲ ဖြစ်သည်။
ပြင်သစ်ပိုင် တိုတယ်ကုမ္ပဏီအား တရားစွဲဆိုမှုများ၊ မကြာသေးမီက
စစ်အစိုးရကို စက်လက်နက် နှင့် နည်းပညာဆိုင်ရာအချက်အလက်များ
တင်သွင်းရောင်းချမှုအတွက် တရားရင်ဆိုင်နေရသည့် တောင်ကိုရီးယားမှ
ဒေ၀ူးကုမ္ပဏီကြီးများမှာ မြန်မာ့ကမ်းလွန်ပင်လယ်မှ ထွက်ရှိသည့် ရေနံနှင့်
သဘာဝဓါတ်ငွေ့ တူးဖော်ထုတ်လုပ်ရောင်းချရေးကို အကြီးမားဆုံး
လုပ်ကိုင်နေသူများဖြစ်သည်။
ဒေဝူး
တူးဖော်ထုတ်လုပ်နေသော ရခိုင်ကမ်းလွန်ရေနံ A1 နှင့် A3 လုပ်ကွက်တွင်
အမေရိကန် အခြေစိုက် နိုင်ငံတကာအသိအမှတ်ပြုအေဂျင်စီ GCA ၏စာရင်းအရ
မူလအရင်းအမြစ် အရံ (၅.၇)မှ (၁၀)ထရီလီယံကုဗပေနှင့် လက်ရှိတူးဖော်ရန်
(၈.၆)ထရီလီယံကုဗပေတို့ တူးဖော်ရရှိ နိုင်မည်ဟု ခန့်မှန်းသည်။
မြန်မာနိုင်ငံတွင် ကုန်းတွင်းရေနံရှာဖွေရေး (၁၉)ခုနှင့်
အဓိကကမ်းလွန်ရေနံ (၃)ခုတို့မှ သဘဝ ဓာတ်ငွေ့ (၉၀)ထရီဘီလီယံကုဗပေနှင့်
ရေနံစိမ်းစည်ပေါင်း ၃.၂ဘီလီယံကို ထုတ်ဖော်ရရှိနိုင် သော
မြေအောက်သယံဇာတအရံ ရှိနေသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ |