Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဗိုလ်ချုပ်ထိန်မောင်ထံမှ ပြန်လည်ရောက်ရှိလာသူများ သတင်းစာရှင်းလင်းပွဲပြုလုပ်

 

ကောင်းမြတ်ကျော်။ မတ် ၂၁၊ ၂၀၀၇

 
 

စစ်အစိုးရနှင့် ပူးပေါင်းခဲ့သည့် KNU, KNLA ငြိမ်းချမ်းရေးကောင်စီမှ တပ်သားအချို့နှင့် အရပ်သားအချို့ KNU ထံ ပြန်လည်ရောက်ရှိလာပြီး ယနေ့နံက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ် သွားခဲ့သည်။

ယခုရက်ပိုင်းအတွင်း ပြန်လည်ရောက်ရှိလာသော KNLA တပ်သား (၃)ဦးနှင့် အရပ်သား (၁၄) ဦးက စစ်အစိုးရ၏ လုပ်ရပ်များကြောင့် ဆက်လက်နေထိုင်လိုစိတ်မရှိတော့သည့်အတွက် KNU ထံ ပြန်လည်ရောက်ရှိလာခြင်းအပေါ် သတင်းထောက်များအား ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုး ကျေးရွာတွင် ငြိမ်းချမ်းရေးအောင်ပွဲဆိုသည့် အခမ်းအနားဖြင့် စစ်အစိုးရက KNU တပ်မဟာ (၇) တပ်မဟာမှူးဟောင်း ဗိုလ်ချုပ်ထိန်မောင်နှင့်အဖွဲ့ကို ကြိုဆိုခဲ့သည်။

စစ်အစိုးရသတင်းစာများက ဗိုလ်ချုပ်ထိန်မောင်နှင့်အဖွဲ့ဝင်အင်အား (၃၀၀) က နိုင်ငံတော် အစိုးရ၏စေတနာကို နားလည်၍ ငြိမ်းချမ်းရေးရယူခဲ့သည်ဟု ဖော်ပြခဲ့ပြီး လက်တွေ့အရ ဗိုလ်ချုပ်ထိန်မောင် သွားရောက်ခဲ့သည့်အချိန်တွင် သူနှင့် အင်အား (၃၃)ဦးသာဖြစ်ပြီး အရပ်သားများကို စစ်ယူနီဖောင်းများပေးဝတ်ကာ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း KNU က ပြောဆိုခဲ့သည်။

ယခုပြန်လည်ရောက်ရှိလာသူ အများစုသည် ဗိုလ်ချုပ်ထိန်မောင် စစ်အစိုးထံ သွားရောက်ခဲ့သည့် အချိန်က အင်အားဖြည့်အဖြစ် လိုက်ပါသွားခဲ့ရသူ သာမန်အရပ်သားများသာဖြစ်ပြီး ဒုက္ခသည် စခန်းတွင် နေထိုင်သူများနှင့် ပျံကျအလုပ်သမားအများစုဖြစ်သည်ဟု KNLA တပ်မဟာ (၇) တပ်ရင်း (၁၉) တပ်ရင်းမှူး ဗိုလ်မှူးကြီးထွန်းကြိုင်က  သတင်းစာရှင်းလင်းပွဲတွင် ပြောဆို ခဲ့သည်။

ရွာကထွက်လာတော့ အရပ်ဝတ်နဲ့ပဲ၊ လှေစီးပြီးကမ်းနားရောက်လို့ ကုန်းပေါ်တက် သူများပေးတဲ့ စစ်အ၀တ်အစားတွေဝတ်ပြီး သွားရတာပဲ။ ကျနော် အရင်က ဘဲကလော် ဒုက္ခသည်စခန်းမှာ နေတဲ့ ဒုက္ခသည်ပဲ”ဟု ပြန်လာသူများထဲမှ မောင်ပြားဆိုသူ ကရင်အမျိုးသားတဦးက ဆိုသည်။

စစ်အစိုးရက ကြိုဆိုခဲ့သည့် အခမ်းအနားတွင် မိမိနှင့်သိရှိသူ အရပ်သား (၃၀)ခန့်ပါဝင်ပြီး ယခု မတိုင်မီကလည်း ပြန်လာခဲ့သူအများစုမှာ  အဓိကအားဖြင့် စစ်အစိုးရလက်အောက်တွင် မနေထိုင်လိုသဖြင့် ပြန်လာခြင်းဖြစ်၍ လမ်းခရီးတလျှောက်တွင် စစ်အစိုးရတပ်များနှင့် DKBA တပ်များ ဖမ်းမိသွားပါက ထို့ကော်ကိုးစခန်းသို့ ပြန်လည်ပို့ဆောင်မည်ကို စိုးရိမ်သဖြင့် ရှောင်ပုန်း ခဲ့ရကြောင်း  ၄င်းက ဆက်လက်ပြောဆိုသည်။

ဗိုလ်ချုပ်ထိန်မောင်အား ငြိမ်းချမ်းရေးနယ်မြေအဖြစ် သတ်မှတ်ပေးထားသည့် ထို့ကော်ကိုး ကျေးရွာတွင် သူ့အဖွဲ့အနေဖြင့် လက်နက်များ အပြည့်အစုံမကိုင်ရဘဲ လက်နက်ခဲယမ်းအများစု ကို စစ်အစိုးရက သိမ်းဆည်းထားသည်ဟု ဆိုသည်။

စစ်အစိုးရအနေဖြင့် ဗိုလ်ချုပ်ထိန်မောင်နှင့်အဖွဲ့ကို ခရီးသွားလာရန်အတွက် ယာယီသက်သေခံ လက်မှတ်များကို ထုတ်ပေးထားပြီး ၎င်းကပ်ပြားများတွင် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး လက်မှတ်ထိုးကာ သာမန်အရပ်သားကိုပင် ဗိုလ်အဆင့် ရာထူးများ တိုးမြှင့်ပေးကာ ငြိမ်းချမ်းရေးအဖွဲ့ဟု သတ်မှတ်ထားသည်။

ယခုလက်ရှိအခြေအနေအထိ ဗိုလ်ချုပ်ထိန်မောင်နှင့် လိုက်ပါသွားရာမှ KNU ထံ ပြန်လည်ရောက် ရှိလာသူမှာ (၄၀)ကျော်သွားပြီဖြစ်၍ ပြန်လာသူများထဲမှ ယခင် KNU, KNLA တွင် တာဝန် ထမ်းဆောင်ခဲ့သူများကို ၎င်းတို့ဆန္ဒအရ ဆက်လက်လုပ်ကိုင်လိုပါက မူလတာဝန်များ ပြန်လည် ပေးအပ်ကာ ကျန်နေသူများကိုလည်း နွေးထွေးစွာ ကြိုဆိုသွားမည်ဟု တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ်ဂျော်နီက ဆိုသည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org