
မြန်မာပြည်တွင် လက်ရှိဖြစ်ပျက်နေသော နိုင်ငံရေး ပြဿနာများကို
တရားမျှတစွာ ဖြေရှင်းပြီးမှသာ စစ်မှန်သည့်ငြိမ်းချမ်းရေးကို
တည်ဆောက်နိုင်မည် ဖြစ်ကြောင်း (KNU)က ပြောဆိုလိုက်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံခြားသံတမန်များ နိုင်ငံခြား
ပညာရှင်များနှင့် (KNU)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၏
ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထိန်မောင်တို့
တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ (KNU)က ပြောဆိုလိုက်ခြင်းဖြစ်သည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုး ကျေးရွာတွင် ပြီးခဲ့သည့်
ကြာသာပတေးနေ့က နိုင်ငံခြားသတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်
ထိန်မောင်အနေဖြင့် သူတို့သည် တကမ္ဘာလုံးလေးစားမှုကို တုံ့ပြန်သောအားဖြင့်
ငြိမ်းချမ်းရေး တည်ဆောက်ခဲ့ခြင်းသာဖြစ်သည်ဟု ပြောဆိုခဲ့သည်။
“တိုင်းရင်းသားလူမျိုးတွေက အမျိုးသားဖိနှိပ်မှုအားလုံးကို
ဖျက်သိမ်းပစ်ချင်တယ်၊ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို တည်ဆောက်ချင်တယ်၊
အဲ့ဒါကို ဖြေရှင်းရမှာ။ ပြည်တွင်းစစ်ကလည်း အဲ့ဒီအပေါ်မှာ အခြေခံပြီးတော့
ဖြစ်နေတာ။ နောက် ပြဿနာတခုက ဗမာပြည်မှာ အာဏာရှင် စနစ် ဖြစ်တည်လာပြီးတော့
ဒီစနစ်အောက်မှာ အားလုံးကျွန်သဘောက်ဖြစ်နေကြတယ်။ ဒီမိုကရေစီ
ဆိတ်သုဉ်းနေတယ်။ လူ့အခွင့်အရေးတွေ ဆိတ်သုဉ်းနေတယ်။ ပြည်သူတရပ်လုံး
အဲ့ဒီအခြေခံအောက်မှာ လူမျိုးရေးဝါဒကြီးစိုးမှုနဲ့ စစ်အာဏာရှင်စနစ်
ကြီးစိုးမှုအောက်မှာ တိုင်းရင်းသားလူမျိုးစုတရပ်လုံးရော
ပြည်သူတရပ်လုံးရော ပြားပြားမှောက်နေရတယ်” ဟု (KNU)အထွေထွေအတွင်းရေးမှူး
ဖဒိုမန်းရှာလားဖန်က ဆိုသည်။
စနစ်ဆိုးကြောင့် တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျနေပြီး
စားဝတ်နေမှုကျပ်တည်းကာ အေးချမ်း တည်ငြိမ်မှုကို ထိခိုက်နေသည့်အပြင်
နိုင်ငံရေးခေါင်းဆောင်များကို အကျဉ်းချခြင်း၊ အကျပ်ကိုင် ခြင်းဖြင့်
ငြိမ်းချမ်းရေးကိုမရနိုင်သည့်အတွက် တိုင်းပြည်တွင်းရှိ
နိုင်ငံရေးပြဿနာများကို တရားမျှတစွာ ဖြေရှင်းပြီးမှသာ စစ်မှန်သည့်
ငြိမ်းချမ်းရေးကိုရမည်ဟု ၄င်းက ဆက်လက် ပြောဆိုသည်။
နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်ထိန်မောင်က
တက်ရောက်လာသူများအား ပြော ဆိုရာတွင် ၄င်းတို့အနေဖြင့် ယခုထိ
ကရင်ပြည်နယ်ကိုကာကွယ်နေခြင်းဖြစ်ပြီး နိုင်ငံတွင်းနှင့် နိုင်ငံတကာကပါ
ကရင်ပြည်နယ်ကို အသိအမှတ်ပြုရမည်ဟု ဆိုသည်။
“အသိမှတ်ပြုမှုနဲ့ပတ်သက်ပြီး ဘယ်အတိုင်းတာအထိ ဘာပြောတာလဲ။ ကျနော်တို့
နားမလည် ဘူး။ ကျနော်တို့ဘက်ကပြောတာ ကရင်ပြည်နယ်အသိအမှတ်ပြုခြင်းကို
ပြီးပြည့်စုံစေရမယ်။ ကရင့်ကံကြမ္မာ ကရင်ဖန်တီးခွင့်ရှိရမယ်လို့
ပြောထားတာ။ နအဖလက်အောက်မှာဆိုလို့ရှိရင် တော့ ဗိုလ်ထိန်မောင်အနေနဲ့
ကရင့်ကံကြမ္မာ ကရင်ဖန်တီးခွင့်ရအောင်တော့ သူ လုပ်ဖို့ဆိုတာ၊
ကရင်ပြည်နယ်အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမယ်ဆိုတဲ့ ကိစ္စကို
လုပ်မယ်ဆိုတာ ဘယ်လိုမှ အိမ်မက်မက်လို့မရဘူး။ အဲ့သလိုပဲ ကျနော်တို့က
မြင်တယ်”ဟု ဖဒိုမန်းရှာက ဆိုသည်။
ဗိုလ်ချုပ်ထိန်မောင်သည် (KNU)ဗဟို၏ခွင့်ပြုချက်မရဘဲ
၎င်းတဦးတည်းသဘောဖြင့် နအဖ စစ်အစိုးရနှင့် တွေ့ဆုံခဲ့ပြီးနောက် (KNU)မှ
ထုတ်ပယ်ခြင်းခံရကာ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့တွင်
ထို့ကော်ကိုးကျေးရွာတွင် စစ်အစိုးရက အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။
ကရင် အမျိုးသားအစည်းအရုံးနှင့် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
ငြိမ်းချမ်းရေး ကောင်စီအမည်ကို ဖွဲ့စည်းကာစစ်အစိုးရထံ
သွားရောက်ခဲ့မှုအပေါ် (KNU)က လက်နက်ချသွား သည်ဟု ပြောဆိုချက်ကို
ဗိုလ်ချုပ်ထိန်မောင်က ငြင်းပယ်ခဲ့သည်။
ပြီးခဲ့သည့်
ကြာသပတေးနေ့က ထို့ကော်ကိုးကျေးရွာတွင် ပြုလုပ်ခဲ့သည့်
နိုင်ငံခြားသံတမန်များ နှင့် ပညာရှင်များအား တွေ့ဆုံဆွေးနွေးပွဲတွင် (Freidrich-Ebret
Foundation)မှ ပညာရှင်များ နှင့် မြန်မာပြည်အရေးတွင် မကြာခဏ
ပြောဆိုနေသည့် မစ္စတာ ရောဘတ်တေလာ (Robert Taylor)ပါ တက်ရောက်ခဲ့သည်။
“ဒီဖောင်ဒေးရှင်းက ဂျာမန်ဖောင်ဒေးရှင်းတခုပဲ။ သူက ငြိမ်းချမ်းရေး
လျှောက်တည်ဆောက် တယ်။ ကျနော်တို့သိသလောက်ကတော့
မူရှိတဲ့အဖွဲ့အစည်းတွေမဟုတ်ဘူး။ များသောအားဖြင့် ကတော့
အာဏာရှင်စနစ်ဆိုတာကို သူတို့ အရေးမစိုက်ဘူး။ သူတို့ သေနတ်သံမကြားရရင်
တော်ပြီဆိုတဲ့ သဘောပဲ။ ဒီလိုဟာမျိုးတွေက အတုအယောင်
ငြိမ်းချမ်းရေးပဲရမယ်လို့ ကျနော် တို့ ပြောချင်တယ်။
ရောဘတ်တေလာဆိုတဲ့ဟာက အားလုံးသိတဲ့အတိုင်းပဲလေ၊ ဗမာပြည်
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး သူက
ပြည်သူဘက်ကရပ်တည်တဲ့လူမှ မဟုတ်ပဲ။ သူက တောက်လျှောက် Pro SPDC လေ။
နအဖဘက်က ရပ်တည်ခဲ့တဲ့ ပညာရှင်တယောက်ပဲ။ ဒေးဗစ်စတိုင်းဘတ်နဲ့ သူနဲ့က
အားလုံးသိတာပဲ”ဟု ဖဒိုမန်းရှာက ဆိုသည်။ |