|
ယခုလ
(၂၃)ရက်နေ့က စစ်အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် သွားရောက်တွေ့ဆုံခဲ့သည့်
ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)က ယခင်သဘောတူညီချက်များကို
စစ်အစိုးရက လိုက်လျှောခြင်း မပြုနိုင်ပါက အပစ်ခတ်ရပ်စဲရေးအတွက်
အဆင်ပြေနိုင်မည်မဟုတ်ကြောင်း ပြောဆိုလိုက်သည်။
(KNPP)နှင့်
၁၉၉၅ခုနှစ်တွင် နှစ်ဘက်သဘောတူညီချက်များအတိုင်း စစ်အစိုးရက ပြန်လည်
ခွင့်ပြုခဲ့သည့် အခြေအနေ မရရှိခဲ့သဖြင့် ၄င်းတို့အတွင်း
ပြန်လည်ဆွေးနွေးရန် လိုအပ်ပြီး လက်ရှိအခြေအနေအရ လောလောဆယ်
အပစ်အခတ်ရပ်စဲရေးအတွက် အဆင်ပြေနိုင်ဖွယ်ရာ မရှိကြောင်း (KNPP)အတွင်းရေးမှူး(၁)
ခူးရီမာန်ထူးက ပြောဆိုလိုက်ခြင်းဖြစ်သည်။
၁၉၉၅ခုနှစ်
အတွင်းက(KNPP)နှင့် စစ်အစိုးရအကြား အပစ်အခတ်ရပ်စဲပြီး သုံးလအကြာတွင်
နှစ်ဖက်တပ်များ အပြန်အလှန် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း
ဦးခူးရီမာန်ထူး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်
ကျိုင်းတုံမြို့ရှိ အမှတ်(၂) စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ၊
တပ်စုရုံးတွင် စစ်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
ယခင်က
(KNPP)အနေဖြင့် ၁၉၉၅ခုနှစ် သဘောတူညီချက်များ ပျက်ပြယ်သွားပြီဟု
ထုတ်ပြန် ကျေညာခဲ့ပြီး ယခုစစ်အစိုးရဖက်မှ အဆိုပါသဘောတူညီချက်
မပျက်ပြယ်သေးဟု ပြောဆိုလာ သည့်အပေါ် ဗဟိုကော်မတီ၏ တာဝန်ပေးချက်အရ
(KNPP)ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့ ခြင်းဖြစ်သည်။
“တကယ်လို့
၉၅ခုနှစ်ကအတိုင်း နေရာထိုင်ခင်းကျတော့ အဲ့ဒီအတိုင်းပဲ လက်ခံတယ်ဆိုရင်
၉၅နောက်ပိုင်းမှာ ခင်ဗျားတို့ တိုးချဲ့ ထားတဲ့ တပ်ဆွယ်တွေ၊
တပ်စခန်းတွေကျတော့ ဘယ်လို အနေအထားရှိလည်း ခင်ဗျားတို့
ဆုတ်ပေးဖို့တော့လိုမယ်။ ဒီလိုပြောတဲ့ အခါကျတော့ ဒါက
နိုင်ငံတော်လုံခြုံရေး ဖြစ်တဲ့အတွက်ကြောင့် တပ်မတော်က
ထမ်းဆောင်ရမဲ့တာဝန်ဖြစ်တယ်။ သူပြောတာက သိမ်းပိုက်တဲ့
စစ်တပ်စခန်းများကိုတော့ ဘယ်လိုမှမဆုတ်ပေးနိုင်ဘူး၊ ကျနော်တို့
၉၅ခုနှစ်က သဘောတူညီထားတဲ့ အချက်တွေ အရကတော့ သူတို့အနေနဲ့
ပြန်လက်မခံဘူး”ဟု ခူးရီမာန်ထူးက ဆိုသည်။
ယခင်
အပစ်အခတ်ရပ်စဲရေး ပျက်ပြားခဲ့ရသည့် အဓိကအချက်မှာ သဘောတူညီချက်တွင်
ပါဝင် သည့် နှစ်ဖက်အပစ်အခတ် ရပ်စဲ ပြီးနောက်ပိုင်း
တပ်ရင်းများမတိုးချဲ့ရန်၊ တပ်စခန်းအသစ်များ ထပ်မံတည်ဆောက်ခြင်း
မပြုရန်ဆိုသည့် အချက်များပါဝင်ပြီး ၁၉၉၅ခုနှစ်တွင် စစ်အစိုးရတပ် များက
နယ်စပ်တလျှောက် တိုးချဲ့လှုပ်ရှားလာသည့်အတွက် ပြဿနာစခဲ့ခြင်းဖြစ်ကြောင်း
၎င်းက ဆက်လက် ပြောဆိုသည်။
စစ်အစိုးရက
(KNPP)အနေဖြင့် ပြန်လည်ပူးပေါင်းပါက
တိုင်းပြည်ငြိမ်းချမ်းပြီဖြစ်သဖြင့် စားဝတ် နေရေး၊ လုံခြုံရေးအရ
စိုးရိမ်စရာမရှိပဲ စီးပွားရေးအရ ရေတို၊ရေရှည်လုပ်ငန်းများ
လုပ်ကိုင်နိုင် ကာ အရင်းအနှီးလိုအပ်ပါကလည်း စစ်အစိုးရက
ထောက်ပံ့ပေးမည်ဟု ဆိုသည်။
ယခုဆွေးနွေးပွဲသို့ စစ်အစိုးရအဖွဲ့မှ ဒုဗိုလ်မှူးကြီးအဆင့်
သုံးဦးအပါအ၀င် အရာရှိ(၆)ဦးပါဝင် ဆွေးနွေးခဲ့ပြီး
ဒုဗိုလ်မှူးကြီးမြ၀င်း(စစ်ဦးစီးပထမတန်း)က ဦးဆောင်ခဲ့သည်။
စစ်အစိုးရအနေဖြင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ရယူထားသည့်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မူလသဘောတူညီချက်များကို
ချိုးဖောက်ခဲ့သဖြင့် နှစ်ဖက် အကြား တင်းမာမှုများ မကြာခဏဆိုသလို
ဖြစ်ပွားလျှက်ရှိသည်။
”ကျနော်တို့
အမြင်အရပေါ့လေ အဆင်ပြေနိုင်စရာ အကြောင်းတော့မရှိဘူးပေါ့၊ ဒါပေမဲ့
ကိုယ့်ဟာနဲ့ကို ဖာသိဖာသာ လုပ်ကိုင်သွားမယ်ဆိုရင်
တမျိုးပေါ့လေ၊ ဒါပေမဲ့အဖွဲ့အစည်းအနေနဲ့ ရပ်တည်သွားဖို့ဆိုတာက
သိပ်လွယ်လှမဲ့ အလုပ်တော့မဟုတ်ဘူး၊ အဲ့ဒါတချက်၊ နောက်တချက် က
ကျနော်တို့တွေဆုံဆွေးနွေးပြီး ပြန်လာတဲ့ရလဒ်အပေါ်မှာ
ဗဟိုကော်မတီအစည်းအဝေး ထိုင်ရအုံးမှာပါ။ ထိုင်ပြီးမှပဲ
ဒီကိစ္စကိုသုံးသပ်ပြီး ဘယ်လိုဆက်လုပ်သွားရမယ် ဆိုတာက ဗဟိုကော်မတီရဲ့
အဆုံးအဖြတ်မှာ မူတည်ပါအုံးမယ်”ဟု ခူးရီမာန်ထူးက ဆိုသည်။
၁၉၉၅ခုနှစ်
သဘောတူညီချက်အတိုင်းပဲဟု စစ်အစိုးရက ပြောဆိုနေသော်လည်း ထပ်မံတိုးချဲ့
ထားသည့် စစ်စခန်းများနှင့် ပတ်သက်၍ နိုင်ငံတော်လုံခြုံရေး
အကြောင်းပြဖြင့် ဆက်လက်ထား မည့် သဘောာထားကြောင့်
၎င်းတို့အတွင်းမေးခွန်းများ အများကြီးပြန်လည် မေးရမည်ဖြစ်ပြီး
တကယ်တန်းတွင် စစ်အစိုးရဖက်မှ ပြေလည်သည့် သဘောထားပြသနိုင်မှသာ
ရှေ့ဆက်သွား နိုင်မည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
(KNPP)အနေဖြင့် နယ်စပ်ဒေသတွင် ၂၀၀၁ခုနှစ်က
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၅)ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သော
စစ်ရေးမဟာမိတ်အဖွဲ့တွင် ပါဝင်ခဲ့သော်လည်း ယခုကဲ့သို့ စစ်အစိုးရနှင့်
တဖွဲ့ချင်း တွေ့ဆုံ ဆွေးနွေးခဲ့သည့်အပေါ် ထိခိုက်နိုင်ဖွယ်အကြောင်း
မရှိကြောင်းဆိုသည်။ အဆိုပါစစ်ရေး မဟာမိတ်အဖွဲ့ ငါးဖွဲ့တွင် (KNU)၊ (KNPP)၊
(ALP)၊ (SSA)တောင်ပိုင်းနှင့် မကြာသေးမီက စစ်အစိုးရနှင့်
သွားရောက်တွေ့ဆုံခဲ့သည့် ချင်းအမျိုးသားတပ်ဦး(CNF)တို့ ပါဝင်သည်။ |