Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လုပ်ငန်းများ သွက်ချာပါဒရောဂါသည်လိုဖြစ်နေသည်ဟု (ICRC)ကပြောဆို

 

ဉာဏ်မောင်။ မတ် ၁၆၊ ၂၀၀၇

 

စစ်အစိုးရ၏ အဟန့်အတားများကြောင့် သွက်ချာပါဒရောဂါသည်လို လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်နေရ၍ မြန်မာနိုင်ငံရှိ ရုံးနှစ်ရုံးကို ပိတ်ပစ်လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့(ICRC)က ကြာသပတေးနေ့တွင် ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်းရှိ အကျဉ်းသားများထံသို့ ဝန်ထမ်းများသွားရောက် မတွေ့ဆုံနိုင်တော့ခြင်း၊ နယ်စပ်ဒေသရှိလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း သံသယရှိနေ ခြင်း၊ လူသားချင်းစာနာထောက်ထားကာ အကူအညီပေးနေသည့် ကိုယ်စားလှယ်များနှင့်လည်း လွတ်လပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် (ICRC)ရုံးနှစ်ရုံးကို ပိတ်လိုက်ရပြီးနောက် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

စစ်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင်များ၏အခြေအနေကို နိုင်ငံတကာ အဖွဲ့အစည်းများအား ယခင်က သွားရောက်စုံစမ်းခွင့်နှင့် ကူညီထောက်ပံ့ခွင့်များ ပေးခဲ့သော် လည်း ယခုနှစ် နှစ်ဆန်းမှစတင်ကာ သွားရောက်ခွင့်များကို ကန့်သတ်ခဲ့ပြီးနောက် (ICRC)နှင့် စစ်အစိုးရအကြား တင်းမာမှုများဖြစ်ပေါ်ခဲ့သည်။ 

ဆွစ်ဇာလန်အခြေစိုက် (ICRC)ရုံး ထုတ်ပြန်ချက်တွင် “မြန်မာပြည်တွင်လုပ်နေသော (ICRC)၏ လူသားချင်းစာနာထောက်ထားသည့် လုပ်ငန်းများသည် လက်ရှိတွင် သွက်ချာပါဒရောဂါသည်လို ဖြစ်နေပြီး မကြာသေးမီက ပြည်ထဲဝန်ကြီးနှင့်တွေ့တော့လည်း ဘာမှဦးဆောင်လမ်းညွှန်မှု မရရှိ ခဲ့၍ မွန်ပြည်နယ်ရှိ မော်လမြိုင်ရုံး၊ ရှမ်းပြည်အရှေ့ပိုင်းရှိ ကျိုင်းတုံရုံး (၂)ရုံးကို ပိတ်ပစ်ဖို့ ဆုံးဖြတ်ခြင်းဖြစ်သည်”ဟု ဖော်ပြထားသည်။   

ပြီးခဲ့သည့်  ကြာသပတေးနေ့ကလည်း ကနေဒါအစိုးရမှ မြန်မာနိုင်ငံတွင်းရှိ (ICRC)အား လူသား ချင်းစာနာထောက်ထားသော လုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ရန် ခွင့်ပြုသင့်ကြောင်း မြန်မာစစ်အစိုးရအား တိုက်တွန်းလိုက်သလို (ICRC)ကလည်း သူ၏ကူညီရေးလုပ်ငန်းများကို စစ်တပ်မှ နှောင့်ယှက်နေသည်ဟု ပြောဆိုခဲ့သည်။    

“မြန်မာအစိုးရက (ICRC)ရုံးနှစ်ရုံးကို လက်မခံနိုင်ဘဲ အတင်းပိတ်ပစ်ခိုင်းခြင်းအပေါ် ကနေဒါ အနေဖြင့် ဝမ်းနည်းကြောင်း လေးလေးနက်နက် ပြောလိုပါတယ်။ ကနေဒါအစိုးရအနေဖြင့် လည်း (ICRC)အဖွဲ့ လုပ်ငန်းများကို ခွင့်ပြုစေပြီး အတူညှိနှိုင်းဆောင်ရွက်ဖို့ မြန်မာစစ်အစိုးရကို  တိုက်တွန်းပါတယ်”ဟု ကနေဒါနိုင်ငံခြားရေးဝန်ကြီး ပီတာမက်ကေက ဆိုသည်။  

နိုင်ငံတကာကြက်ခြေနီအဖွဲ့ဆိုသည်မှာ ကမ္ဘာတွင် လူသားချင်းစာနာထောက်ထားသည့် လုပ်ငန်း များ လုပ်ကိုင်နေသည့်  အဖွဲ့တခုဖြစ်ကာ နိုင်ငံတကာ လူသားချင်းဆိုင်ရာ ဥပဒေများကိုလည်း ဆုပ်ကိုင်၍ အလုပ်လုပ်နေခြင်းဖြစ်ပြီး အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခများကြားတွင်ရှိသော ဓားစာခံဒုက္ခသည်များကို ကာကွယ်ခြင်း၊ အကူအညီပေးခြင်းစသည်တို့ကို လုပ်ဆောင်နေသည့် တန်ဖိုးရှိသည့် အဖွဲ့အစည်းတခုဖြစ်သည်ဟု မစ္စတာ မက်ကေက ဆက်လက်ပြောဆိုသည်။ 

(ICRC)အနေဖြင့် အစိုးရအစောင့်အရှောက်အဖွဲ့များမပါဘဲ ထောင်တွင်းရှိအကျဉ်းသားများထံသို့ သွားရောက်နိုင်ခြင်း၊ စစ်ဆင်ရေးနယ်မြေများတွင်ရှိသော နယ်စပ်ဒေသရုံးများကိုလည်း စစ်အစိုးရအနေဖြင့် သံသယရှိနေခြင်းတို့သည် လွတ်လပ်ခြင်း၊ ကြားနေခြင်းဟူသော (ICRC)၏ မူဝါဒစည်းကမ်းများနှင့် ဆန့်ကျင်နေသည်ဟု (ICRC)ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဆိုသည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org