|
ရပ်ကွက်အတွင်းရှိ (ရယက)နှင့် မီးသတ်များက မတရားသဖြင့် ဧည့်စာရင်းစစ်ကာ
ဖမ်းဆီးခဲ့ခြင်း အတွက် တောင်ဒဂုံမြို့နယ်ပြည်သူများက မြို့နယ်(မယက)ထံ
စာရေးသားတိုင်ကြားခဲ့သည်။
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ အမှတ် (၇၀)ရပ်ကွက်နေ
ပြည်သူများက ဧည့်စာရင်း ရက်လွန်သည်ဟု မတရားသဖြင့် ဖမ်းဆီးခဲ့သည့်
မီးသတ်၊ ရဲနှင့် (ရယက)အဖွဲ့ဝင်များအား အရေးယူပေးရန် ယခုလ (၁) ရက်နေ့က
တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုင်ကြားသူများသည် တောင်ဒဂုံတွင် နှစ်များစွာ
အခြေချနေထိုင်သူများဖြစ်ကာ မြို့သစ်တည်ဆောက်မှုအတွက်
မြို့နယ်အသီးသီးမှ ပြောင်းရွှေ့လာကြပြီး မြို့နယ်ရပ်ကွက်
သန်းခေါင်စာရင်းများ ယနေ့ထိတိုင် မရရှိဘဲ အိမ်ရှင်အိမ်ငှားအဖြစ်
နေထိုင်နေကြရသူများ ဖြစ်သည်။
ပြီးခဲ့သည့်လ (၂၄)ရက်နေ့၊ ည (၁၀)နာရီခွဲတွင် ရဲနှင့်မီးသတ်တပ်ဖွဲ့များက
ဧည်စာရင်းလွန်များ လိုက်လံဖမ်းဆီးခဲ့ပြီးနောက် (ရယက)ရုံးရှေ့တွင်
စုထားခဲ့ရာမှ ရဲများက ကားပေါ်တင်ကာ တောင်ဒဂုံရဲစခန်းတွင် တညတာ
ထားခဲ့သည်။ နောက်တနေ့တွင် ရဲအာမခံဖြင့် ပြန်လွတ်လာ ပြီးနောက်
(၂၆)ရက်နေ့တွင် ရဲစခန်းသို့ ချိန်းဆိုကာ အင်းစိန်ထောင်သို့
ပို့ဆောင်ခံခဲ့ရသည်။
“(မရက)ရဲ့
ညွန်ကြားချက်အရ မိသားစုဓါတ်ပုံတွေလည်း ရိုက်ထားတယ်၊ ဧည့်စာရင်းတိုင်တဲ့
အခါ လူဦးရေအလိုက် တဦးကို ၂၀ ပေးရတယ်။ တရက်ကျော်ရင် ဒါဏ်ငွေက ၃၀၀
ပေးရ တယ်။ ဒါတွေပုံမှန်ပေးနေရပေမဲ့ ခုလိုဖမ်းတာပဲ၊ (၂၆)ရက်နေ့က
တရားစွဲပြီး အင်းစိန်ကိုပို့တာ။ တရားရုံးက ရမန်ယူပြီး (၂၈)ရက်နေ့ကျမှ
ရုံးအာမခံနဲ့ ပြန်လွတ်လာတာ” ဟု ဖော်ပြပါ ရပ်ကွက် သားတဦးက ဆိုသည်။
ဧည့်စာရင်း
တိုင်ကြားခြင်းကို ယခင်က တလတကြိမ်သာ ပြုလုပ်ရပြီးနောက်ပိုင်း
ပြီးခဲ့သည့်နှစ်မှ စတင်ကာ (မယက)နှင့်(ရယက)များက တလနှစ်ကြိမ်၊
ထိုမှတဆင့် တပတ်တကြိမ် စသည်ဖြင့် တိုးမြှင့်ကောက်ခံလာပြီးနောက် သုံးရက်
တကြိမ်အထိ ဖြစ်လာနေကြောင်း ရန်ကုန်မြို့တွင် နေထိုင်ခဲ့သူတဦးက
ပြောသည်။
ရန်ကုန်မြို့ရှိ ရပ်ကွက်များတွင် စစ်ဒေသစီမံချက်၊ အရေးပေါ်စီမံချက်နှင့်
ပုံမှန် (ရယက)၊ ရဲနှင့် မီးသတ်တပ်ဖွဲ့များ၏ ဧည့်စာရင်းနှင့် ရက်လွန်
စစ်ဆေးခြင်းများကို အခါမလပ် ပြုလုပ်နေပြီး ပြည်သူအများစုမှာ
နေထိုင်မှုအခက်အခဲနှင့် ငွေပေးရသည့် အခက်အခဲများကို အမြဲတစေ
ကြုံတွေ့နေရသည်။
“ယုဇနပါလာဇာလို
နေရာမျိုးဆို ၀န်ထမ်းတွေ၊ အလုပ်သမားတွေနဲ့ နယ်က အလုပ်လာလုပ်သူ တွေ
အများစုနေကြတယ်။ အဲ့ဒီမှာက အခန်းပေါင်း သောင်းနဲ့ချီပြီးရှိတာ၊
အိမ်ရှင်အိမ်ငှားဆိုတာ ကလည်း အများကြီး၊ (ရယက)တယောက်ရဲ့ဝင်ငွေက တလကို
သိန်း(၅၀)၀န်းကျင်လောက် ရှိတယ်။ (ရယက)ရွေးပွဲဆိုရင် (မယက)ကို အများဆုံး
လာဘ်ထိုးနိုင်တဲ့လူက ပါတာပဲ။ ရန်ကုန် အနှံ့ ရပ်ကွက်တွေမှာဆိုရင်
ဧည့်စာရင်း အကြိမ်ကြိမ်စစ်လေ ၀င်ငွေကောင်းလေပဲ”ဟု ရန်ကုန် မြို့တွင်
နေထိုင်ဖူးသူက ဆိုသည်။
အမျိုးသမီးလေးဦးနှင့် အမျိုးသားနှစ်ဦးက ကိုယ်တိုင်လက်မှတ်ရေးထိုး
တိုင်ကြားခဲ့သည့် အဆိုပါ တိုင်ကြားစာတွင် ‘ဥပဒေအထက်တွင်
မည်သူမှမရှိစေရ’ဟူသည့် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်အတိုင်း
မရားသဖြင့် ဧည့်စာရင်းစစ်ဆေးခြင်းနှင့် ၄င်းတို့အား ဖမ်းဆီးခဲ့သည့်
(ရယက)၊ ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား အရေးယူပေးရန်
တောင်းဆိုခဲ့သည်။ |