|
စစ်အစိုးရက
လမ်းဖောက်လုပ်ရေးအတွက် ကျေးရွာသားများအား အဓမ္မခိုင်းစေနေပြီး မလုပ်
ဆောင်သူများကို အိမ်ထောင်စုအလိုက် ငွေကောက်ခံမှုများ
ပြုလုပ်လျှက်ရှိသည်။
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင် ကျေးရွာနှစ်ရွာကြားရှိ
ဆက်သွယ်ရေးကားလမ်း ဖောက် လုပ်ရန်အတွက် ဒေသခံကျေးရွာသားများကို
ကျေးရွာ(ရယက)က အဓမ္မခိုင်းစေကာ မလုပ်နိုင် သူများကို အိမ်ထောင်စုအလိုက်
ငွေကြေးကောက်ခံနေခြင်းဖြစ်သည်။
ကျုံပျော်မြို့နယ်၊ ဘောဇလုပ်ကြီးကျေးရွာအုပ်စုနှင့်
ဘောင်းစုကြီးကျေးရွာအုပ်စုအကြားရှိ ဆက်သွယ်ရေးကားလမ်းကို ယခုလ
(၁၁)ရက်နေ့က စတင်ဖောက်လုပ်သည့်လုပ်ငန်းတွင် အိမ်ထောင်စုတစုလျှင် အလျှား
၂၀ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁ ပေ မြေတူးမြေဖို့ရန် သတ်မှတ်၍
ကာလမ်းဖောက်လုပ်ရာတွင် အဓမ္မခိုင်းစေနေခြင်းဖြစ်သည်။
“ဘောဇလုပ်နဲ့ ဘောင်းစုကြီး နှစ်စုပေါင်းက အိမ်ခြေ ၂,၅၀၀ လောက်ရှိတယ်။
အားလုံး (၁၀) ရွာပေါ့၊ မလုပ်နိုင်တဲ့ အိမ်ထောင်စုတစုကို ဒဏ်ငွေ ၆,၀၀၀
ရမယ်လို့ ခြိမ်းခြောက်ပြီးကို ခိုင်းနေ တာ”ဟု ဒေသခံတဦးကဆိုသည်။
ကျေးရွာအုပ်စုနှစ်ခု၏ ဥက္ကဌဖြစ်သူ ဦးကိုကိုကြီးမှာ ကျေးရွာများမှ
မလုပ်နိုင်သည့် အိမ်ထောင်စု များအတွက် အလုပ်သမားပြန်လည်ငှားရန်
ငွေကောက်ခံခြင်းဖြစ်သည်ဟု ပြောဆိုသော်လည်း မည်သည့်အလုပ်သမားကိုမျှ
ငှားရမ်းခြင်းမရှိကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံတွင်း အဓမ္မလုပ်အားခိုင်းစေမှုများနှင့် ပတ်သက်၍
အချိန်ကြာမြင့်စွာကတည်းက နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်(ILO)၏
ထောက်ပြပြောဆိုမှုများကို စစ်အစိုးရက ငြင်းပယ် ခဲ့ပြီးနောက် (ILO)က
နိုင်ငံတကာ ရာဇ၀တ်ခုံရုံး(ICJ)သို့ တင်ပြရန်ပြင်ဆင်နေချိန်
ပြီးခဲ့သည့်လ (၂၇)ရက်နေ့က အဓမ္မလုပ်အားခိုင်းစေမှုများနှင့် ပတ်သက်၍
စုံစမ်းစစ်ဆေးရန် နှစ်ဖက်သဘော တူညီမှု ရရှိခဲ့သည်။
အဆိုပါ
သဘောတူညီချက်အရ ရန်ကုန်အခြေစိုက် (ILO)ရုံးခွဲသို့ အဓမ္မခိုင်းစေခံရသည့်
ပြည်သူ များက လူကိုယ်တိုင် လာရောက်တိုင်ကြားနိုင်ပြီး (ILO)ရုံးတာဝန်ခံအနေဖြင့်လည်း
မြန်မာပြည် အတွင်း လွတ်လပ်စွာ သွားလာ၍ အဓမ္မခိုင်းစေမှုရှိမရှိကို
စုံစမ်းနိုင်ကာ လုပ်အားပေးခိုင်းစေမှု တွင် ပါဝင်ပတ်သက်သည့်
အာဏာပိုင်များကို အရေးယူဆောင်ရွက်မည့် အစီအစဉ်များ ပါရှိသည်။
သို့သော်
စစ်အစိုးရအနေဖြင့် အဆိုပါသဘောတူညီချက်ပါ အချက်အလက်များအား အများ
ပြည်သူသိရှိရန် သတင်းစာ၊ ရေဒီယိုနှင့် ရုပ်သံအစီအစဉ်များမှနေ၍ ယနေ့ထိ
တရားဝင် ထုတ်ပြန်ခဲ့ခြင်းမရှိသလို ရန်ကုန်အခြေစိုက် (ILO)ရုံးခွဲအနေဖြင့်လည်း
လုပ်ငန်းများ စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း
ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။ |