|
မြန်မာပြည်သူများ ငြိမ်းချမ်းရေးအတွက်
နိုင်ငံတကာခရစ္စယာန်ဘာသာ သွေးစည်းညီညွှတ်ရေး အဖွဲ့(CSW)မှ ဦးစီး၍
တနေ့တာဆုတောင်းပွဲတရပ်ကို လန်ဒန်မြို့၌ မနက်ဖြန် ကျင်းပပြုလုပ်
သွားမည်။
မြန်မာနိုင်ငံတွင်းမှ ဘာသာရေးခွဲခြားခံရမှုနှင့်
ခရစ္စယာန်ဘာသာကိုးကွယ်သူများအပေါ် စစ်အစိုးရ၏ အစီအစဉ်တကျ
ဖိနှိပ်မှုများကို တင်ပြခဲ့သည့် “လက်ဝါးကပ်တိုင်ကို သယ်ဆောင်ခြင်း”
အစီရင်ခံစာတရပ်ကို နိုင်ငံတကာသို့ တင်ပြခဲ့သည့် အဆိုပါအဖွဲ့က
မြန်မာပြည်သူများ ငြိမ်းချမ်းရေးအတွက် ယခုကဲ့သို့ ဆုတောင်းပွဲ
ကျင်းပခဲ့ခြင်းဖြစ်သည်။
လန်ဒန်မြို့၊ ချက်စတာရင်ပြင်ရှိ စိန့်မိုက်ကယ်ဘုရားရှိခိုးကျောင်းတွင်
ပြုလုပ်မည့် အဆိုပါ ဆုတောင်းပွဲသို့ ဗြိတိန်အစိုးရ၏
မြန်မာ့အရေးပြောရေးဆိုခွင့်ရှိသူ လွှတ်တော်အမတ် ဂျွန်ဘာကောင်း(John
Barcow)အပါအ၀င် (CSW)၏ဒုဥက္ကဌဖြစ်သူ ချမ်းဖို့ဘုရားရှိခိုးကျောင်းမှ
ဘုန်းတော်ကြီးဟောင်းဂျွန်ပါရီ(John Perry)တို့ ပါဝင်မည်ဖြစ်သည်။
“ဒီလှုပ်ရှားမှုတွေကို တလျောက်လုံး စည်းရုံးလှုံ့ဆော်နေတာတွေနဲ့
ဝါဒဖြန့်ချိရေးလုပ်နေကြတာ တွေဟာ တိုင်းရင်းသားပြည်သူတွေရဲ့ ဒုက္ခတွေကို
သက်သာအောင် ကုသပေးနေခြင်းနဲ့ ငြိမ်းချမ်းရေးရှာဖွေနေခြင်းတို့အတွက်
မရှိမဖြစ်လိုအပ်တဲ့ ကြားဖြတ်စွမ်းအင်တခု ဖြစ်စေခဲ့ ပါတယ်။
ကျွန်တော်တို့အနေနဲ့ မြန်မာပြည်သူတို့ရဲ့
ဒီစိတ်ဓါတ်ရေးရာဝိညာဉ်တိုက်ပွဲ အောင်မြင် အောင် ဆုတောင်းပေးနေတာကို
ကျွန်တော်တို့နဲ့အတူ ဖြစ်နိုင်မယ်ဆိုရင် ပြည်သူများများ
ပူးပေါင်း ဆက်သွယ်ဆောင်ရွက်ကြပါလို့ လေးလေးနက်နက်
တိုက်တွန်းချင်ပါတယ်”ဟု CSW၏ အမျိုးသားရေးရာ ညွှန်ကြားရေးမှူးဖြစ်သူ
စတူးအတ်ဝင်းဒ်ဆာ(Stuart Windsor)က ဆိုသည်။
မကြာသေးမီက
ကရင်ပြည်နယ်တွင် နေထိုင်ခွင့်မရကြသည့် ကရင်ပြည်သူများနှင့် အလားတူ
မွန်ပြည်သူများထံ သွားရောက်လည်ပတ်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသော
“လက်ဝါးကပ်တိုင်ကို သယ်ဆောင်ခြင်း” အစီရင်ခံစာကို ဦးဆောင်ရေးသားခဲ့သူ
ဘန်နက်ဒစ်ရော်ဂျာ (Benedict Rogers)ကလည်း အဆိုပါဆုတောင်းပွဲနေ့တွင်
မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖေါက်နေမှု အခြေအနေများ၊
ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများနှင့် ပြန်လည်ထူထောင်ရေး
လုပ်ငန်းများ၏ နောက်ဆုံးအဖြစ်အပျက် အခြေအနေများကို
အကြမ်းဖျဉ်းပြောကြားမည် ဖြစ်သည်။
ဆုတောင်းပွဲအခန်းအနားကို နိုင်ငံတကာခရစ္စယာန်ဘာသာ
သွေးစည်းညီညွတ်ရေးအဖွဲ့(CSW)၊ ကရင်အမျိုးသားအကူအညီပေးရေးအဖွဲ့၊
ကရင်အမျိုးသားလှုပ်ရှားမှုအုပ်စုနှင့် ပြည်တွင်း ရွှေ့ပြောင်းခံရသော
ကရင်ပြည်သူများကော်မတီတို့မှ စီစဉ်ဆောင်ရွက်ကြခြင်းဖြစ်ပြီး ကရင်၊
ကရင်နီနှင့် ချင်းတိုင်းရင်းသားလူမျိုးစုတို့မှ ကိုယ်စားလှယ်များက
သူတို့၏ အတွေ့အကြုံများကို မျှဝေပြောကြားခြင်းနှင့်
ရိုးရာယဉ်ကျေးမှုများကို စီစဉ်ပြသမည်ဖြစ်သည်။
စစ်အစိုးရအနေဖြင့် ကရင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့ပြီး
ကျေးရွာများ အဓမ္မ ပြောင်းရွှေ့ခဲ့ခြင်းနှင့်အတူ နိုင်ငံတ၀ှမ်းဘာသာရေးအရ
ခွဲခြားဆက်ဆံကာ ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးခြင်း၊
ဘုန်းတော်ကြီးများကို ညှင်းပမ်းနှိပ်စက်ခြင်းနှင့် ဘာသာ
ခြားကိုးကွယ်သူများကို ကျေးရွာများမှနှင်ထုတ်ခြင်းများကို အစဉ်အစိုက်
ပြုလုပ်လျှက်ရှိသည်။ |