|
စစ်အစိုးရ၏
ကြက်ဆူပင်စီမံကိန်းအတွက် မကွေးတိုင်း၊ ချောက်မြို့နယ် ပြည်သူများထံမှ
အဓမ္မ ငွေကြေးကောက်ခံမှုများ ပြုလုပ်လျှက်ရှိသည်။
မြို့ပေါ်ရှိရပ်ကွက်ဥက္ကဌများက ကြက်ဆူပင်များ စိုက်ပျိုးရန်အတွက်
မြို့နယ်(မယက)နှင့် အထက်အမိန့်အရဟုဆိုကာ ယခုရက်ပိုင်းအတွင်း
တအိမ်ထောင်လျှင် (၂,၀၀၀)ကျပ်နှုန်းဖြင့် အဓမ္မ
ငွေကြေးကောက်ခံခဲ့ခြင်းဖြစ်သည်။
“မြို့ပေါ်မှာက (၁၅)ရပ်ကွက်ရှိတယ်၊ ကျေးရွာပေါင်းက (၁၃၆)ရွာ၊ လူဦးရေ
ငါးသိန်းကျော် ရှိတယ်။ ခုဆို အမှတ်(၇) နယ်မြေကနေ ငွေစကောက်နေတယ်”ဟု
မြို့ခံတဦးက ဆိုသည်။
အဆိုပါ
အမှတ်(၇) နယ်မြေတွင် ရွာဟောင်း၊ အုတ်ဖိုနှင့် အခြားရပ်ကွက်တခုရှိပြီး
အဆိုပါ ရပ်ကွက်ရုံးများရှေ့တွင် ပြည်သူများထံမှ အဓမ္မကောက်ခံရသည့်
ငွေများဖြင့် ၀ယ်ယူထားသည့် ခြံစည်းရိုးကြက်ဆူပျိုးပင်များကို
ချထားကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
စစ်အစိုးရအနေဖြင့် ဘိုင်အိုဒီဇယ်ဆီ ထုတ်လုပ်ရန်အတွက် ပြည်နယ်၊
တိုင်းအလိုက် ခြံစည်းရိုး ကြက်ဆူပင်များကို
စီမံကိန်းချစိုက်ပျိုးနေသည်ဟု သတင်းများတွင် ဖော်ပြနေသော်လည်း
ကြက်ဆူပင်စိုက်ပျိုးရန်အတွက် အဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊
ငွေကောက်ခံခြင်းများကို နိုင်ငံအနှံ့ပြုလုပ်လျှက်ရှိရာ ပြည်သူများသာမက
ဝန်ထမ်းများပါ အိမ်ထောင်စုအလိုက် မစိုက်မနေရ စေခိုင်းခြင်းခံနေရသည်။
|