|
ပဉ္စမအကြိမ်မြောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) (NLD-LA)ညီလာခံကို
ယခုလ (၁၇)ရက်နေ့မှ ယမန်နေ့အထိ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် (၅)ရက်ကြာ
ကျင်းပ ခဲ့သည်။
ညီလာခံကိုယ်စားလှယ် (၃၃)ဦးနှင့် လေ့လာသူများအပါအ၀င် အင်အား (၅၀)ကျော်
ပါဝင် တက်ရောက်ခဲ့သည့် အဆိုပါညီလာခံမှ ပြည်တွင်းရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လုပ်ငန်း များကို အထောက်အကူပြုရန်နှင့်
မဟာဗျူဟာအဖြစ် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အခြေခံ သည့်
သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာရန်အတွက် အဆင့်ဆင့်သော
လုပ်ငန်းစဉ် များကို ချမှတ်ခဲ့သည်။
ယနေ့ကာလသည်
မြန်မာပြည်ပြောင်းလဲရေးအတွက် လူထုတိုက်ပွဲများ ဖော်ဆောင်ရမည့်
အချိန်တခုအဖြစ် ရောက်ရှိနေသည်ဟု တညီတညွတ်တည်း သုံးသပ်ခဲ့ပြီး
မိခင်အဖွဲ့အစည်း (NLD)၏ဦးဆောင်မှုနှင့်အတူ အကောင်အထည်ဖော်သွားရန်
ဆုံးဖြတ်ခဲ့သည်။
စစ်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျက်ကွယ်ပြုကာ
ပြည်သူ့လွှတ်တော် ခေါ်ယူရေးကို ငြင်းဆန်၍ ညောင်နှစ်ပင်ညီလာခံကို
ကျင်းပနေခြင်းသည် စစ်အာဏာရှင် သက်ဆိုးရှည်မည့်
လုပ်ဆောင်နေမှုဖြစ်သည့်အတွက် ညီလာခံက ဆန့်ကျင်ခဲ့သည်။
အဆိုပါညီလာခံမှ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုကော်မတီနှင့်
အရံဗဟိုကော်မတီများကို ရွေးချယ် ခဲ့ပြီး ဥက္ကဋ္ဌ ဦးတင်အောင်၊ ဒုဥက္ကဋ္ဌအဖြစ်
ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းနှင့်
အထွေထွေအတွင်းရေးမှူးအဖြစ် ဦးမြင့်စိုး၊ တွဲဘက်အတွင်းရေးမှူး(၁)
တပ်ကုန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်၊ တွဲဘက်(၂)
အဖြစ် ဦးအောင်ဇော်ထွေးတို့ကို တင်မြှောက်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ကို ၁၉၉၁ ခုနှစ်က
မာနယ်ပလောဒေသ တွင် စတင်ဖွဲ့စည်းခဲ့ပြီး ညီလာခံကို (၃)နှစ်တကြိမ်
ပြုလုပ်ခဲ့သည်။ |