|
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဒေသခံလယ်သမားများထံမှ
လယ်လုပ်ပိုင်ခွင့်နှင့် လယ်ပိုင်ဆိုင်ခွင့်အတွက် အစည်းအဝေးခေါ်ယူကာ
ငွေကောက်ခံခဲ့သည်။
ယခုလ
(၂)ရက်နေ့ တောင်သူလယ်သမားနေ့တွင် ဦးသိန်းမြင့်ထွန်းဆိုသူက
ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးဒိုင်နယ်မှ ကျေးရွာသားများကို
ခေါ်ယူကာ လယ်ယာမြေများ ပြန်လည်လုပ်ကိုင် ရန်အတွက် (တစည)ပါတီက
အာမခံပေးမည်ဟုဆိုကာ ငွေကောက်ခံခဲ့ခြင်းဖြစ်သည်။
အဆိုပါနေ့
အခမ်းအနားအတွက် လယ်သမားများထံမှ တဦးလျှင် ငွေသုံးထောင်ကျပ်အား
ကျွေးမွေးစရိတ်အဖြစ် စတင်ကောက်ခံကာ (တစည)ပါတီလူကြီးများ၏
မိန့်ခွန်းသ၀ဏ်လွှာ များကို ဖတ်ပြပြီး လယ်သမားများ
လယ်လုပ်ခွင့်ရရန်အတွက် ငွေထည့်ဝင်ရန် ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။
“လယ်သမားအားလုံးကိုပြောတာ၊ တဦးကို ၁၅,၀၀၀ ကျပ်ပေးရင်
ပြန်လုပ်ကိုင်စားနိုင်ဖို့ (တစည)က တာဝန်ယူပေးမယ်။
အမြဲတမ်းလုပ်ကိုင်ဖို့လည်း လုပ်ပေးမယ်လို့ ထည့်ပြောသွား တယ်”ဟု
အစည်းအဝေးတက်ရောက်ခဲ့သူတဦးက ဆိုသည်။
ထို့နောက်
ယခုလ (၁၀)ရက်နေ့တွင် ကြိမ်ချောင်းကြီးဒိုင်နယ်၊
မီးသွေးချောင်းလယ်သမားများမှ အချို့အား ဆယ်အိမ်မှူးခန့်အပ်ပေးကာ
အိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးပြီး လယ်ဧက အလိုက်
ငွေကောက်ခံမည့်နှုန်းများကို ပြောကြားခဲ့သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
“သူတို့ပြောတာက (၅-၄-၃)ပုံစံနဲ့ ဆောင်ရွက်မယ်ပေါ့။ ၁၀ ဧကအထက်ကို တဧက
၃,၀၀၀ ၊ ၁၀ ဧကအောက် ၅ ဧကအထိ တဧက ၄,၀၀၀၊ ၅ ဧကအောက်ကို တဧက ၅,၀၀၀ ပေးဖို့
သတ်မှတ် တယ်”ဟု ဒေသခံတဦးက ဆိုသည်။
မီးသွေးချောင်းလယ်သမားများထံမှ အချိုးကျ ကောက်ခံငွေများကို
ဆယ်အိမ်မှူးများက တာဝန် ယူကောက်ခံပြီး ကြိမ်ချောင်းကြီးကျေးရွာ
ရာအိမ်မှူး ဦးဝင်းထံသို့ ယခုလ (၁၅)ရက်နေ့တွင် မဖြစ်မနေ
အရောက်ပို့ပေးရန် အဆိုပါနေ့က ပြောဆိုခဲ့ကြောင်း ဒေသခံက ဆက်လက်ပြောဆို
သည်။
လယ်ယာစိုက်ပျိုးရေးကို အများဆုံး မှီခိုနေရသည့် ဧရာဝတီတိုင်း၊
ပဲခူးတိုင်းတို့တွင် စစ်တပ် အပါအ၀င် ကြံဖွံ့၊
အမျိုးသမီးရေးရာအဖွဲ့များက လယ်သမားများပိုင် လယ်ယာမြေများအား
သိမ်းယူခြင်း၊ အခွန်အကောက်အမျိုးမျိုး ကောက်ခံခြင်းများကို
ပြုလုပ်နေသလို ယခုလ (၁)ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နယ်ရှိ
လယ်သမားများထံမှ လမ်းဖောက် လုပ်ရန် လက်မှတ်ထိုးခိုင်း၍ လယ်ယာများကို
သိမ်းပိုက်ခဲ့သည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အမတ်နေရာ
(၁၀) နေရာ ရရှိခဲ့ပြီး ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)မှ
အသွင်ပြောင်းဖွဲ့စည်းသည့် ရွေးကောက်ပွဲဝင်ခဲ့သော
နိုင်ငံရေးပါတီတခုဖြစ်ကာ အခြားပါတီများကဲ့သို့ ပါတီလှုပ်ရှားမှုများ
ကန့်သတ်မခံရသည့် တခုတည်းသော နိုင်ငံရေးပါတီဖြစ်သည်။
ပြီးခဲ့သည့်လ (၁၅)ရက်နေ့ကလည်း အဆိုပါ (တစည)ပါတီစည်းရုံးရေးမှူး
သိန်းမြင့်ထွန်းကပင် ဘိုကလေးမြို့နယ်၊ မကျင်မြိုင်ကျွန်းရှိ
မြေလွတ်မြေရိုင်းဖော်ထုတ်စိုက်ပျိုးခဲ့သော လယ်သမား (၆၀)ကျော်ထံမှ
အာဏာပိုင်များနှင့်ပူးပေါင်းကာ ဧကအလိုက် စပါးများ အတင်းအကြပ်
ကောက်ခံခဲ့သည်။ |