|
ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်းရှိ
မြင်းကကုန်းကျေးရွာ လူစည်ကားရာနေရာများ၌ ‘၁၃၆၉ခုနှစ်၊ မဟာသင်္ကြန်စာ’ဟု
ခေါင်းစဉ်တပ်ထားသည့် ကြွေးကြော်သံများပါ ပိုစတာများကို
လိုက်လံကပ်ထားသည်။
ကုန်ဈေးနှုန်းကျဆင်းရေးနှင့် အထွေထွေလူမှုအကြပ်အတည်းများကို
ဖော်ပြလိုသောစာတန်း များပါဝင်သည့် အဆိုပါပိုစတာများကို
ကပ်ခဲ့ခြင်းဖြစ်သည်။ ဆော့ပင်အနီရောင်နှင့် အပြာရောင် များဖြင့် (၁)
ကုန်ဈေးနှုန်းကျဆင်းရေး၊ (၂) အိမ်အခွန်အကောက်လျော့ချရေး၊ (၃) ဆိုက်ကား၊
စည်ပင်အခွန်အခလျော့ချရေး စသည့် ကြွေးကြော်သံများကို ရေးသားထားပြီး
မြင်းကကုန်းရွာ လူစည်ကားရာ နေရာများဖြစ်သည့် ကျောင်းဝိုင်းဈေး၊
ရွာလယ်ဈေးနှင့် သဘောင်္ဆိပ်များတွင် ကပ်ထားခြင်းဖြစ်သည်။
“နံနက်
(၈)နာရီလောက်မှာ ရ.ယ.က အဖွဲ့ဝင်တွေနဲ့ရဲတွေက လိုက်ခွာပြီးယူသွားတယ်၊
ဘယ်သူ ကပ်တယ် ဆိုတာကတော့ အခုထိမသိသေးဘူး။ အားလုံးကိုတော့ သံသယနဲ့
လိုက်ကြည့်နေ တယ်”ဟု ကိုယ်တိုင်တွေ့မြင်ခဲ့သည့်
မြင်းကကုန်းကျေးရွာသားတဦးက ပြောသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ဖျာပုံခရိုင်(ခယက)မှ ယခုရက်ပိုင်းအတွင်း
လာရောက်စစ်ဆေးမည်ဟု ကြားရသိကြောင်း အဆိုပါရွာသားက ဆက်ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဘိုကလေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က
မြင်းကကုန်း ကျေးရွာတွင် ဆိုင်ခွန်၊ အိမ်ခွန်နှင့် ဆိုက္ကားခွန်များ
လာရောက်ကောက်ယူသွားခြင်းနှင့် ကုန်ဈေး နှုန်းများ အဆမတန်
ကြီးမြင့်နေမှုများကြောင့် ကျေးရွာသားများက ယခုကဲ့သို့ ပိုစတာများ
လိုက်လံကပ်ထားခြင်း ဖြစ်နိုင်ကြောင်း ဈေးသည်အမျိုးသမီးတဦးက
ပြောဆိုသည်။
၎င်းက
“ကျေးရွာဆိုတာက မြို့နယ်စည်ပင်နယ်နမိတ်ထဲမှာ ပါမှမပါဘဲ၊ ကျေးရွာအတွက်
ဘာမှ လုပ်မပေးဘဲနဲ့ အခွန်ကျမှ လာကောက်တယ်ဆိုတော့ လူတော်တော်များက
မကျေမနပ် ဖြစ်နေ တယ်။ ဒါကြောင့် လိုက်ကပ်ထားတာဖြစ်မှာပေါ့”ဟု ဆိုသည်။
အိမ်ခြေ
(၉၀၀)၊ အိမ်ထောင်စု (၁,၂၀၅)စုရှိသည့် မြင်းကကုန်းကျေးရွာသည်
အဓိကစီးပွားရေး လုပ်ငန်းအဖြစ် ဆန်စပါးနှင့် ရေလုပ်ငန်းကို
လုပ်ကိုင်စားသောက်ပြီး ဒေသထွက် အုန်းသီး လုပ်ငန်းကို လုပ်ဆောင်ကာ
ယခုလက်ရှိတွင် ဒေသထွက်ကုန်နှင့် ကုန်ဈေးနှုန်း မမျှတမှုကြောင့်
အများစုမှာ စားဝတ်နေရေး အကြပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။
ပြည်သူများအနေဖြင့် ကိုယ်တိုင်ကြုံတွေ့ခံစားနေရသည့် အခြေအနေများကို
ဆန္ဒဖော်ထုတ် မှုများ ရန်ကုန်မြို့ပေါ်အတွင်း ပြုလုပ်လျှက်ရှိရာ
ယခုဖြစ်ရပ်သည် နယ်များရှိပြည်သူများက လည်း ၄င်းတို့ခံစားချက်များကို
စတင်ဖော်ထုတ်လာခြင်း ဖြစ်သည်။ |