|
လှိုင်သာယာစက်မှုဇုံ အလုပ်သမား(၈၀)က ပုံမှန်လစာရရေးအတွက် အလုပ်ရှင်အား
တင်ပြခဲ့ပြီး နောက်ပိုင်း အလုပ်ရုံနှင့်
အလုပ်သမားညွှန်ကြားမှုဦးစီဌာနကို ဆက်လက်တိုင်ကြားခဲ့ရာ ဦးဆောင်သူကို
စက်ရုံက အလုပ်မှ ထုတ်ပယ်လိုက်သည်။
အမှတ်(၁၅၅)၊
မက္ခရာမင်းသားကြီးမောင်ပျိုးလမ်း၊ ဇုံ(၂)လှိုင်သာယာရှိ အာရှသား ပလပ်စတစ်
စက်ရုံမှ အလုပ်သမား(၈၀)က အခက်အခဲများရှိ၍ ပုံမှန်လစာထုတ်ပေးရန်
တင်ပြခဲ့ပြီးနောက် ဦးဆောင်သူ ကိုရဲဝင်းနိုင်အား အလုပ်မှ
ထုတ်ပစ်ခဲ့ခြင်းဖြစ်သည်။
ယခုလ
(၆)ရက်နေ့က အာရှသား ပလပ်စတစ်စက်ရုံတာဝန်ခံက အလုပ်သမားများ၏ အခက်အခဲ
များကို ဖြေရှင်းပေးရန် တင်ပြသည့်အချိန်တွင် စက်ရုံတာဝန်ခံက
ကိုရဲဝင်းနိုင်အား လစာထုတ် ပေးလိုက်ပြီး အလုပ်မှ အပြစ်မရှိပဲ
ထုတ်ပယ်လိုက်သည့်အတွက် အလုပ်သမားများက အထက် အာဏာပိုင်များထံ
ဆက်လက်တိုင်တန်းခဲ့သည်။
“သူ့နံမည်က
မအာရှင်း၊ ဗမာလိုတော့ မယဉ်ယဉ်ဝင်းပေါ့။ တယောက်တည်းနဲ့ မန်နေဂျာ၊
စကားပြန်၊ စာရေးအလုပ်တွေ အကုန်လုပ်တာ။ အလုပ်သမားတွေက
အဆောင်ငှားစရိတ်တွေ၊ စားစရိတ်တွေပေးဖို့ ငွေထုတ်ပေးဖို့ပြောတော့
ငွေမရှိသေးဘူးလို့ပြောတယ်။ (၆)ရက်နေ့က ထုတ်ပေးပါပြောတော့
ရဲဝင်းနိုင်ကို လစာပေးပြီး အလုပ်ကထုတ်လိုက်တာ၊ ဘာလို့ထုတ်တာလဲ မေးတော့
မကြိုက်လို့ထုတ်တာလို့ပြောတယ်”ဟု စက်ရုံမှ အလုပ်သမားတဦးက ဆိုသည်။
ကိုရဲဝင်းနိုင်အပါအ၀င် အလုပ်သမား(၈၀)က မြို့နယ်အလုပ်ရုံနှင့်
အလုပ်သမားညွှန်ကြားမှုဦးစီး ဌာနသို့ သွားရောက်တိုင်ကြားခဲ့ရာ
အဆိုပါဌာနမှ တိုင်စာရေးသားခိုင်းရာ ထိုနေ့တွင်ပင် တိုင်စာ
ရေးသားခဲ့ပြီး (၇)ရက်နေ့တွင် ထပ်မံချိန်းဆိုခဲ့သည်။
“အဲဒီနေ့ပဲ
လစာ (၂,၈၀၀) ပေးပြီးထုတ်တာ၊ သူက လုပ်သက်သုံးလပဲရှိသေးတော့ နေ့စား
လုပ်သားပဲ၊ ပိတ်ရက်နဲ့ ရက်ပိုကြေး (၈၀၀)ကို နှုတ်ပြီးထုတ်ပေးလိုက်တာ”ဟု
အဆိုပါစက်ရုံမှ အလုပ်သမားတဦးက ဆိုသည်။
အာရှသား
ပလပ်စတစ်စက်ရုံပိုင်ရှင်သည် ထိုင်ဝမ်(တရုတ်လူမျိုး)တဦးဖြစ်ပြီး
အလုပ်သမားများ ရပိုင်ခွင့်မှာ အခြေခံလစာ (၃၀၀)ကျပ်နှင့် တနေ့လျှင်
အလုပ်ဆိုင်းသုံးဆိုင်းခွဲလုပ်ကာ အချိန်ပို ကြေး (၂၀၀)ကျပ်နှင့် အခြား
ရက်မှန်ကြေး၊ ဆုကြေး စသည့် အလုပ်သမားများရပိုင်ခွင့်ကို
မပေးခဲ့ခြင်းဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံတွင်း ဖွင့်လှစ်လုပ်ကိုင်နေသည့်
နိုင်ငံခြားသားပိုင်စက်ရုံများရှိ အလုပ်သမားများမှာ လုပ်ခလစာ
ပုံမှန်ရရှိမှုနည်းပါးပြီး အလုပ်ရှင်နှင့်အလုပ်သမား ပြဿနာများကို
စစ်အစိုးရ အလုပ်သမားဝန်ကြီးဌာနကလည်း
ကိုင်တွယ်ဖြေရှင်းပေးနိုင်ခြင်းမရှိသလို ယခုလဆန်းပိုင်း ကလည်း
လှိုင်သာယာစက်မှုဇုံရှိ A21 Beauty Palace Co.Ltd
ဆပ်ပြာစက်ရုံအလုပ်သမားများ ကလည်း နစ်နာကြေးရရှိရန် တိုင်ကြားခဲ့သည်။
|