|
ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံဒီမိုကရေစီရေးရာ
အာစီယံပါလီမန် အမတ်များ (AIPMC) ASEAN Inter- Parlimentary Myanmar
Caucus အဖွဲ့သည် ယမန်နေ့ ညနေက သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။
မြန်မာ့အရေးဆောင်ရွက်နေသည့် အဆိုပါအမတ်များအဖွဲ့သည်
ထိုင်း-မြန်မာနယ်စပ်တွင် ယခုလ (၂၃)ရက်မှ (၂၄)ရက်အထိ (၂)ရက်ကြာ
လာရောက်လည်ပတ်သည့်ခရီးနှင့် ပတ်သက်သည်များ ကို ရှင်းလင်းခဲ့ခြင်း
ဖြစ်သည်။
(AIPMC)အဖွဲ့သည်
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း၊ ဒေါက်တာစင်သီယာမောင်
ဖွင့်လှစ်ထားသည့် မယ်တော်ဆေးခန်း၊ စစ်အစိုးရစစ်တပ်များအတွင်း
တာဝန်ထမ်းဆောင်ခဲ့ သည့် ကလေးစစ်သား
ထိန်းသိမ်းစောင့်ရှောင့်ထားသည့်စခန်းနှင့် နိုင်ငံရေးအကျဉ်းသားများ
ကူညီစောင့်ရှောင့်ရေးအဖွဲ့(AAPP)သို့ သွားရောက်လေ့လာခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသည့် ဒုက္ခသည်များ အခြေအနေနှင့်
ဆိုးဝါးလှသည့် စစ်အစိုးရ၏ ဖိနှိပ်မှုများကို ပြောကြားရာတွင်
အင်ဒိုနီးရှားပါလီမန်အမတ် မစ္စတာ Djoko Susilo က“ပထမဆုံးပြောချင်တာက
ထိုင်း-မြန်မာနယ်စပ်နှစ်ရက်တာမှာ ကျနော်တို့ လေ့လာခဲ့၊ သိခဲ့ရ တာတွေဟာ
ကျနော်တို့ဘ၀မှာ တခါမှမတွေ့ဘူး၊ မကြားဘူးတဲ့ အဖြစ်အပျက်ခံစားချက်တွေ
ကိုတွေ့ခဲ့ရတယ်။ ဒီလိုဆိုးဝါးတဲ့ဖြစ်ရပ်မျိုးတွေဟာ ကျနော်တို့နဲ့
ဝေးလှတဲ့အခြားနေရာမှာ ထင်ထားတာထက် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့
မြန်မာပြည်မှာ ဒီလောက်ဆိုးဝါးတဲ့ အခြေအနေတွေ ဖြစ်နေမှန်း အခုမှ
မျက်မြင်တွေ့ခဲ့ရတယ်။ အစိုးရရဲ့ဖိနှိပ်မှုကြောင့် တိုင်းပြည်မဲ့နေတဲ့
မြန်မာလူမျိုး တွေ ရာဂဏန်း၊ ထောင်ဂဏန်းမကပဲ သန်းနဲ့ချီရှိနေတယ်”ဟု
ပြောကြားခဲ့သည်။
(AIPMC)အဖွဲ့သည်
ထိုင်း-မြန်မာနယ်စပ်ခရီးစဉ်တွင် ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်း
ကျင်နှင့် ရွေ့ပြောင်းအလုပ်သမားများကို ကူညီဆောင်ရွက်နေသည့်
လူပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံခဲ့သည်။
အာစီယံပါလီမန် အမတ်များအဖွဲ့သည် မြန်မာ့အရေးနှင့်ပတ်သက်၍
သက်ဆိုင်ရာနိုင်ငံအလိုက် အမတ်များက ၄င်းတို့အစိုးရများထံ
အခြေအနေများကို တင်ပြ၍ သက်ဆိုင်ရာနိုင်ငံအလိုက် အစိုးရများက
မြန်မာစစ်အစိုးရအား ဖိအားပေးဆောင်ရွက်ရန် အစဉ်အမြဲတိုက်တွန်း ဆောင်ရွက်
ခဲ့သည်။
အဆိုပါ(AIPMC)အဖွဲ့ကို ၂၀၀၄ခုနှစ်၊ နိုဝင်ဘာလအတွင်း မလေးရှားနိုင်ငံ ကွာလမ်လာပူမြို့တွင် ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊
ကမ္ဘောဒီးယား စသည့်နိုင်ငံများမှ ပါလီမန်အမတ်များ တွေ့ဆုံကာ
မြန်မာဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ရည်ရွယ်ဖွဲ့စည်း ခဲ့သည်။
“ကျနော်တို့က ဒီလိုဖြစ်ရပ်တွေကို နောက်ထပ် မမြင်ချင်တော့ပါဘူး။
စစ်အစိုးရအောက်မှာ ဒုက္ခ ရောက်နေတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့
ဆိုးကျိုးဒုက္ခတွေကို ရပ်တန်းကရပ်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ၊
ကျနော်တို့မှာရှိတဲ့ အခွင့်အာဏာကို အသုံးချပြီး စစ်အစိုးရကို
ဖိအားပေးဖို့နဲ့ အာစီယံထဲမှာရှိတဲ့ နိုင်ငံအစိုးရတွေ အနေနဲ့လည်း
ဒီစစ်အစိုးရကို ဖိအားပေးဖို့ ကျနော်တို့ တိုက်တွန်းသွားမှာပါ။ ကျနော်က
အင်ဒိုနီးရှားကဖြစ်တော့ အင်ဒိုနီးရှားအစိုးရကို နအဖနဲ့
မိတ်ဆွေအဖြစ်တောင် မဆက်ဆံဖို့ တိုက်တွန်းသွားမှာပါ”ဟု မစ္စတာ Djoko
Susilo က ဆိုသည်။
ယခုလာရောက်သည့် (AIPMC) အဖွဲ့တွင် စင်္ကာပူနိုင်ငံမှ Mr.Charles Chong၊
အင်ဒိုနှီးရှားနိုင်ငံ မှ Ms. Anna Mu awanah, Mr.Djoko Susilo,
Mr.Jeffrey Johanes Massie မလေးရှားနိုင်ငံ အထက်လွှတ်တော်အမတ် Mr.
Yip Kum Fook, Ms Teresa Kok, Dr.Wan Azizah Wan Ismail အပါအ၀င်
ထိုင်းနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီးဟောင်း Mr. Asda Jayanama တို့
လိုက်ပါလာခဲ့သည်။ |