|
ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုံရှိ A21 Beauty Palace co.ltd
ဆပ်ပြာစက်ရုံ အလုပ်သမား အားလုံးက နစ်နာကြေးများရရှိရန်အတွက်
မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနသို့
စာရေးသားပေးပို့ တိုင်ကြားလိုက်သည်။
စက်ရုံမှ
သတ်မှတ်ထားသည့် အခြေခံလစာနှင့် အချိန်ပိုကြေးအပါအ၀င်
အခြားအခကြေးငွေများ ကို သတ်မှတ်သည့်အတိုင်း မပေးသောကြောင့်
အလုပ်သမားများက နစ်နာကြေးရရှိရန် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
A 21
ဆပ်ပြာစက်ရုံတွင် အလုပ်သမားဖွဲ့စည်းပုံမှာ စက္ကူပတ်၊ စက္ကူချိုးနှင့်
ကော်သုတ်လုပ်ငန်း A, B, C ဟု သုံးမျိုးခွဲထားပြီး စက္ကူပတ်တွင်
ဆပ်ပြာခဲအရေအတွက် (၁၀၀၀) ပြီးပါက (၂၃၀) ကျပ်၊ စက္ကူချိုးတွင်
(၂၉၀)ကျပ်နှင့် ကော်သုတ်ဌာနတွင် (၂၃၀)ကျပ်အဖြစ် သတ်မှတ်ထားပြီး
ရက်မှန်ကြေး (၁,၅၀၀)ကျပ်၊ ထောက်ပံ့ကြေး (၂,၀၀၀)ကျပ်နှင့် စနေနေ့
နေ့ဝက်လုပ်ခ တလလျှင် (၅၀၀)ကျပ် ရရှိရန်ဖြစ်ပြီး အခြေခံလစာမှာ
(၈,၀၀၀)ကျပ်ပေးမည်ဟုဆိုကာ
ဝန်ထမ်း များအား သဘောတူညီချက်
လက်မှတ်ရေးထိုးစေခဲ့သည်။
“၂၀၀၃ ခုနှစ်ထဲက လက်မှတ်ထိုးခဲ့တာ သဘောတူထားတဲ့အတိုင်း မရတာ
(၃)နှစ်ကျော်ပြီ။ အလုပ်သမားစစ်ဆေးရေးဌာနက လာစစ်တော့ အလုပ်သမားတွေကို
အခြေခံလစာ ရှစ်ထောင် ရတယ်လို့ လိမ်ပြောခိုင်းတယ်။
ဝန်ထမ်းတ၀က်လောက်ကိုလည်း ဂိုဒေါင်တွေထဲမှာ ပုန်းခိုင်း တယ်”ဟု
အဆိုပါစက်ရုံမှ အလုပ်သမတဦးက ဆိုသည်။
ပုံမှန်လစာအတိုင်း ရရှိရေးအတွက် အလုပ်သမားများက အထွေထွေမန်နေဂျာနှင့်
တွေဆုံခွင့် ရရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ရာမှ ပြီးခဲ့သည့်လ
(၂၅)ရက်နေ့က ကြီးကြပ်ရေးမှူး စိုးရွှေမှ တဆင့် အထွေထွေမန်နေဂျာက
ပြန်လည်ပြောဆိုစေခဲ့ရာ အခြေခံလစာ (၈,၀၀၀)ကျပ်အား ၂၀၀၀ ခုနှစ်တွင်
စတင်အလုပ်ဝင်သူများကိုသာ ပေးမည်ဖြစ်ပြီး ၂၀၀၃ ခုနှစ်အလုပ်ဝင်သူများ
အား (၅,၀၀၀)ကျပ်သာ ပေးမည်ဟုပြောဆိုခဲ့ကြောင်း သူမက ဆက်လက်ပြောဆိုသည်။
ယခုအခါ
အလုပ်သမားများက နစ်နာကြေး (၃)နှစ်စာအတွက် အခြေခံလစာ ရှစ်ထောင်ကျပ်
အတိုင်း ပြန်လည်ရရှိလိုကြောင်းနှင့် ဆပ်ပြာအရေအတွက်ဖြင့်
သတ်မှတ်ထားသည်များကို တိုးမြှင့်ပေးရန် အလုပ်သမားဝန်ကြီးဌာနသို့
တိုင်ကြားခဲ့သည်။
“ဆပ်ပြာခဲအရေအတွက်နဲ့ သတ်မှတ်တာတွေကို တိုးမြှင့်ပေးဖို့၊
ပုံမှန်ထောက်ပံ့ကြေးနဲ့ စနေနေ့ နေ့ဝက်အချိန်ပိုခ တိုးမြှင့်ပေးဖို့
အဲ့ဒါတွေအားလုံးရမှ ဒီကနေ့ ကုန်ဈေးနှုန်းနဲ့ အလုပ်သမားတွေ
ရဲ့
စားဝတ်နေရေးတွေ ပြေလည်မှာဖြစ်လို့ အလုပ်သမားဝန်ကြီးဌာနက
ညှိနှိုင်းပေးဖို့ ကျမတို့က တောင်းဆိုခဲ့တာပါ”ဟု စက်ရုံအလုပ်သမက
ဆိုသည်။
စစ်အစိုးရအနေဖြင့် ပြီးခဲ့သည့်တနင်္လာနေ့က အပြည်ပြည်ဆိုင်ရာ
အလုပ်သမားအဖွဲ့ချုပ် (ILO) နှင့် သဘောတူညီချက်ပြုခဲ့ရာတွင် ရန်ကုန်(ILO)
ရုံးခွဲတာဝန်ခံအနေဖြင့် အလုပ်သမားနှင့် ပြည်သူများ
တိုင်ကြားလာမှုများကို လွတ်လပ်စွာ ကြားနာစစ်ဆေးခွင့်နှင့်
တိုင်ကြားလာသူများ အား အပြစ်ပေးမှုများမရှိရန် သဘောတူညီခဲ့ပြီး
ယခုကဲ့သို့ အလုပ်သမားများ တိုင်းကြားမှုကို အလုပ်သမားဝန်ကြီးဌာနက
မည်ကဲ့သို့ဆောင်ရွက်မည်ကို အများက စောင့်ကြည့် လေ့လာလျှက် ရှိသည်။
|