Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မြစ်ရေတင်စီမံကိန်းကြောင့် လယ်ယာများဆုံးရှုံး

 

ဗထူး။ မတ် ၂၇၊ ၂၀၀၇

 

 

စစ်အစိုးရ၏ နွေရာသီမြစ်ရေတင်စီမံကိန်းကြောင့် နွေစပါးနှင့် အခြားစိုက်ပျိုးသီးနှံ လယ်ယာမြေ များ ရေလွှမ်းမိုးခံရပြီး လယ်ယာမြေဆုံးရှုံးမှုများနှင့် လယ်သမားများ ရင်ဆိုင်နေကြရသည်။ 

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ တလုတ်ထော်ကျေးရွာမှ နွေးစပါးနှင့် မတ်ပဲအပါအ၀င် အခြား သီးနှံများ စိုက်ပျိုးနေသည့် လယ်ယာမြေဧက (၆၀၀)ကျော်သည် မြစ်ရေတင်စီမံကိန်းကြောင့် ရေလွှမ်းမိုးခံရကာ ယခုလအတွင်းက ပျက်ဆီးဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ 

မြစ်ရေတင်စီမံကိန်းကို ဧရာဝတီတိုင်းအတွင်း ၂၀၀၄၊ ၂၀၀၅ ခုနှစ်မှစတင်ကာ စစ်အစိုးရက ဆောင်ရွက်ခဲ့ပြီး ယခုအခါ မြို့တွင်းနှင့် လေးမိုင်ကျော်ဝေးသည့် တလုတ်ထော်ကျေးရွာသို့ ရောက်ရှိလာခဲ့သည်။  

တလုပ်ထော်ကနေ လေးမျက်နာမြို့ထိ ဆက်လုပ်ဖို့ရှိတယ်၊ အရင်နှစ်က မြစ်ရေတင်ရင် လယ်တဧကကို ကျပ် ၁,၅၀၀ ပေးရတာ၊ အခု တဧကကို ၉,၀၀၀ ထိတောင်းတယ်။ လယ်သမား တွေက ငွေလည်းပေးရသေးတယ်၊ လယ်တွေဆုံးတာပဲ အဖတ်တင်တယ်၊ အစိုးရက လယ်သမားတွေ တနှစ်၊ နှစ်သီးစိုက်ပျိုးနိုင်အောင် လုပ်တယ်၊ ဒါပေမဲ့ လယ်တွေဆုံးကုန်တာပဲ အဖတ်တင် တယ်၊ အသိမ်းခံရတာလည်း ရှိတယ်”ဟု ဒေသခံတဦးက ဆိုသည်။  

မြစ်ရေတင်စီမံကိန်းအတွက် ရေမြောင်းများ ရှည်လျှားစွာ ဖောက်လုပ်သည့်အတွက်  မြေကွက် များ ထပ်မံဆုံးရှုံးရပြီး လယ် (၅)ဧကရှိသူ လယ်သမားတဦးမှာ ရေမြောင်းဖောက်၍ လယ်(၂)ဧကဆုံးရှုံးပြီး ကျန် (၃)ဧကမှာ ရေနစ်မြုပ်ကာ သီးနှံများ ထပ်မံဆုံးရှုံးကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။  

ဆယ်မြောင်းဦးစီးဌာနက မြစ်ရေတင်စီမံကိန်းအတွက် ရေမြောင်းများဖောက်လုပ်ရာတွင် စစ်ကိုင်းအတွင်း ပုံတောင်ပုံညာအရပ်မှ ဈေးနှုန်းသက်သာသည့် အလုပ်သမားများကို ခေါ်ယူကာ မြစ်ရေတင်စီမံကိန်းအတွက် အလုပ်စေခိုင်းခဲ့သည်။ 

အလုပ်သမားက (၂၀၀)လောက်ရှိတယ်။ သူတို့အလုပ်လုပ်တဲ့နေရာနဲ့ မနီးမဝေးမှာ တဲတွေ ဆောက်ပြီး နေခိုင်းတာ။ ကိုယ့်စရိတ်နဲ့ကိုယ် ဆောက်ရတာ၊ သက်ဆိုင်ရာက တဲဆောက်ဖို့ဆိုပြီး ငွေထုတ်ပေးတယ်၊ ပြီးတော့ အလုပ်သမားတွေရဲ့ လုပ်အားခထဲက ပြန်နှိမ်တယ်”ဟု ဒေသခံကဆိုသည်။ 

စစ်အစိုးရအနေဖြင့် နွေရာသီကာလအတွင်း ပြည်နယ်နှင့်တိုင်းအလိုက် နွေစပါးစိုက်ပျိုးမှုနှင့် တနှစ်လျှင် နှစ်သီးစား လယ်ယာမြေများ ဖော်ထုတ်ရန် ဆောင်ရွက်ခဲ့သော်လည်း လယ်သမား အများစုမှာ စိုက်ပျိုးစရိတ်ကြီးမားမှု၊ ချေးငွေအလုံအလောက်မရရှိမှု၊ ဒေသအခြေအနေနှင့် မကိုက်ညီသည့် စီမံကိန်းသီးနှံများ စိုက်ပျိုးခိုင်းစေမှုတို့ကြောင့် လက်တွေ့တွင် လယ်ယာမြေများ သိမ်းဆည်းခံရခြင်းနှင့် လယ်မြေဆုံးရှုံးမှုများကို ကြုံတွေ့နေရသည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org