|
မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်(SYCB)၏ ပဉ္စမအကြိမ်မြောက်
ညီလာခံကို မတ်လ (၂၁) ရက်နေ့မှ (၂၅)ရက်နေ့ထိ လေးရက်ကြာ
ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ကျင်းပခဲ့သည့် အဆိုပါ ညီလာခံသို့
ထိုင်းနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ရှိ
ကွန်ဂရက်အဖွဲ့ဝင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၅၂)ဦး တက်ရောက်ခဲ့သည်။
ညီလာခံတွင်
ကွန်ဂရက်လုပ်ငန်းဆိုင်ရာ အစီရင်ခံစာများတင်သွင်းခဲ့ကြပြီး
လက်ရှိနိုင်ငံရေး အခြေအနေအား အကဲဖြတ်သုံးသပ်ခဲ့ကြကာ လက်ရှိအခြေအနေနှင့်
ကိုက်ညီသည့် စုဖွဲ့မှုပုံစံနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံအား
ပြင်ဆင်ရေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် တိုင်းရင်းသားပေါင်းစုံ ပြည်သူများသည် စီးပွားရေး၊
လူမှုရေး၊ ကျန်းမာ ရေး၊ ပညာရေး စသည်တို့တွင် အဆိုးရွားအကြပ်တည်းဆုံး
အခြေအနေနှင့် ရင်ဆိုင်နေရ ကြောင်း၊ စစ်အစိုးရ စစ်တပ်များကြောင့်
တိုင်းရင်းသားပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်မှုများ
ပိုမိုဖြစ်ပွားလာကြောင်း ညီလာခံက ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင်
ထည့်သွင်းဖော်ပြထားသည်။
စစ်အာဏာရှင်များသည် ပြည်တွင်းပြည်ပမှ တောင်းဆိုမှုများကို လျစ်လျူရှု၍
ပြည်တွင်းနိုင်ငံရေး အင်အားစုများအား နည်းမျိုးစုံဖြင့် ဖိနှိပ်မှုများ၊
ကန့်သတ်မှုများ၊ ချေမှုန်းဖျက်ဆီးရန် ရည်ရွယ် သော လုပ်ရပ်များကိုလည်း
တိုးမြှင့်လုပ်ဆောင်၍ ၎င်းတို့၏လမ်းပြမြေပုံအတိုင်း ဇွတ်တိုး
အကောင်အထည်ဖော်လျှက်ရှိကြောင်း၊ နိုင်ငံရေးယုံကြည်ချက်အရ
အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား
ဖိအားမျိုးစုံပေး၍ လက်နက်ဖြုတ်သိမ်းရန် ကြံစည်နေသလို
ကျန်အဖွဲ့အစည်းများအားလည်း နည်းမျိုးစုံသုံး၍ ချေမှုန်းရန် ကြံစည်လျှက်
ရှိကြောင်း နိုင်ငံရေးသုံးသပ်ချက်အဖြစ် ဖော်ပြထားသည်။
SYCB
ပဉ္စမအကြိမ်မြောက် ညီလာခံမှ အတွင်းရေးမှူးအဖွဲ့ဝင် (၇)ဦးနှင့်
သဘာပတိအဖွဲ့ဝင် (၁၆)ဦးကို ကိုယ်စားလှယ်များက မဲပေးရွေးချယ်ခဲ့ကြ၍
ကွန်ဂရက် ရှေ့လုပ်ငန်းစဉ်များအဖြစ် ပြည်တွင်းကျောင်းသား
လူငယ်ထုလှုပ်ရှားမှုကို မြှင့်တင်ရန်၊ လူထုလှုပ်ရှားမှုဖြင့် စစ်အစိုးရ၏
လမ်းပြမြေပုံကို အဆင့်တိုင်းတွင် တိုက်ဖျက်ရန်နှင့် ကုလသမဂ္ဂအပါအဝင်
နိုင်ငံတကာ လှုံ့ဆော် မှုများကို အရှိန်မြှင့်တင်ရန် စသည်တို့ကို
ချမှတ်ခဲ့သည်။
မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်(SYCB)ကို
ကျောင်းသားလူငယ်အဖွဲ့အစည်း များဖြင့် ၁၉၉၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌
စတင်ဖွဲ့စည်းခဲ့၍ ညီလာခံကို (၂)နှစ်တကြိမ် ပြုလုပ်ကျင်းပသည်။
လက်ရှိတွင် SYCB အဖွဲ့ဝင်အဖွဲ့အစည်းပေါင်း (၁၆)ဖွဲ့ရှိကြောင်း သိရသည်။
|