|
စစ်သည်အင်အား ၁၅,၀၀၀ ပါဝင်သော စစ်ရေးပြအခမ်းအနားဖြင့်
အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် (၆၂)မြောက် တပ်မတော်နေ့ကို ယနေ့မနက်က
ကျင်းပခဲ့သည်။
ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ကို ၁၉၅၄ ခုနှစ်မှစတင်၍ တပ်မတော်နေ့ဟု
သတ်မှတ်ကာ နှစ်စဉ်ကျင်းပလာခဲ့သည့် အဆိုပါ စစ်ရေးပြအခမ်းအနားကို
စစ်အစိုးရက ယနေ့ ကျင်းပခဲ့ခြင်း ဖြစ်သည်။
အခမ်းအနား၌
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီးသန်းရွှေက နိုင်ငံတော်အနေဖြင့်
ချမှတ် ထားသည့် လမ်းပြမြေပုံ (၇)ဆင့်အနက် ပထမအဆင့်ဖြစ်သည့်
အခြေခံဥပဒေရေးဆွဲနေသည့် အမျိုးသားညီလာခံ ပြီးဆုံးခါနီးပြီဖြစ်သဖြင့်
တပ်မတော်အနေဖြင့် ပြည်သူနှင့်လက်တွဲ၍ ခေတ်မှီ ဖွံ့ဖြိုးတိုးသော
နိုင်ငံတော်သစ်တရပ် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်ရင်း နှောင့်ယှက်
ဖျက်ဆီးသော ပြည်တွင်းပြည်ပရန်များကို ချေမှုန်းရမည်ဟု
ပြောကြားသွားခဲ့သည်။
စစ်အစိုးရအနေဖြင့် ယခုလိုပြုလုပ်သည့် စစ်ရေးပြအခမ်းအနားသို့
နိုင်ငံခြားသား သတင်း ထောက်များကို ပထမဦးဆုံးအကြိမ်အဖြစ်
လာရောက်ခွင့်ပြုခဲ့ပြီး သတင်းထောက် (၅၀)ခန့်ကို နေပြည်တော်သို့
ဝင်ရောက်ခွင့်ဗီဇာ ပေးခဲ့ခြင်းဖြစ်သည်။
ယမန်နေ့က
နေပြည်တော်(ကြပ်ပြေး)တွင် စစ်အစိုးရဖွင့်လှစ်ထားသည့်
ဟော်တယ်များအတွင်း အခမ်းအနားတက်ရောက်မည့် သံတမန်များနှင့် ပြည့်နေပြီး
အခမ်းအနားတက်ရောက်ရန် သွားရောက်ခဲ့သူများ လမ်းခရီးအခက်အခဲများ
ကြုံခဲ့ရသည်ဟု ဆိုသည်။
၁၉၈၈
ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် စစ်အစိုးရသည် နိုင်ငံတွင်းပြဿနာများကို
နိုင်ငံရေးအရ ဖြေရှင်းလိုစိတ်မရှိဘဲ စစ်အင်အားကိုအသုံးပြုကာ အစဉ်တစိုက်
ဆောင်ရွက်နေသည့်နည်းတူ နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပ
နိုင်ငံရေးလှုပ်ရှားသူများ၏ နိုင်ငံရေးတောင်းဆိုချက်များကို လည်း
ယခုတိုင် ငြင်းပယ်နေဆဲဖြစ်သည်။
ထို့ကြောင့်
ယနေ့အခမ်းအနားတွင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏
ပြောကြားချက်များသည်လည်း အသစ်အဆန်းမဟုတ်ဘဲ နိုင်ငံတကာကိုဆန့်ကျင်၊
နိုင်ငံရေး လှုပ်ရှားသူများကို ချေမှုန်းဆိုသည့်
အသုံးအနှုန်းများသာဖြစ်ကြောင်း ရုပ်မြင်သံကြားမှ
တိုက်ရိုက်ကြည့်ရှုခဲ့သူတဦးက ဆိုသည်။ |