|
မြန်မာနိုင်ငံအတွင်း
စစ်အစိုးရ၏ အဓမ္မလုပ်အားပေးခိုင်းစေမှု များနှင့် ပတ်သက်သည့်
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် တံခါးဖွင့်ထားရန် လိုအပ်ကြောင်း
တောင်အာဖရိကနိုင်ငံ အလုပ် သမားဝန်ကြီး မင်ဘတ်သီစိမက်ဒလာဒလာနာက ယနေ့
ပြောဆိုလိုက်သည်။
ဂျီနီဗာအခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်(ILO)က
မြန်မာနိုင်ငံအတွင်း အဓမ္မလုပ်အားပေး ခိုင်းစေမှုများ နှင့် ပတ်သက်၍
လွတ်လပ်စွာ စုံစမ်းစစ်ဆေးရန် ၀န်ကြီး မက်ဒလာဒလာနာကို ကိုယ်စားလှယ်အဖြစ်
ယနေ့ ခန့်အပ်လိုက်ခြင်း ဖြစ်သည်။
သူဦးဆောင်သည့်အဖွဲ့သည် ၂၀၀၀ ခုနှစ်က
အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံမှ ချမှတ် ခဲ့သည့်
မြန်မာနိုင်ငံဆိုင်ရာ (ILO)ဆုံးဖြတ်ချက်ကို တိုးတက်အောင် ဆောင်ရွက်ပြီး
နိုင်ငံတကာ အသိုင်းအ၀ိုင်းက ရှင်းရှင်းလင်းလင်းဖြစ်ရန်
လုပ်ဆောင်သွားမည်ဟု ဆိုသည်။
“တောင်အာဖရိက လူ့အခွင့်အရေးဥပဒေမှာ မည်သူ့ကိုမဆို
အဓမ္မအလုပ်ခိုင်းခြင်း၊ ကျေးကျွန် ပြုခြင်းတွေကို ခွင့်မပြုပါဘူး။
ဒီအဓမ္မအလုပ်ခိုင်းစေမှုတွေကို ဆန့်ကျင်ပြီး အလုပ်သမားတွေကို
အကာအကွယ်ပေးတဲ့ ဥပဒေကို အခြေခံဥပဒေမှာ ထည့်သွင်းထားပါတယ်။ အခုဒီကိစ္စကို
ဆောင်ရွက်ဖို့ (ILO)ဟာ အသင့်တော်ဆုံးအဖွဲ့အစည်းဖြစ်ပါတယ်”ဟု ၀န်ကြီး
မက်ဒလာဒလာနာ က ဆိုသည်။
စစ်အစိုးရအနေဖြင့် ကာလကြာမြင့်စွာကတည်းက နိုင်ငံတကာအသိုင်းအ၀ိုင်းမှ
အဓမ္မလုပ်အား ခိုင်းစေမှုများနှင့် ပတ်သက်သည့် ထောက်ပြချက်များကို
ငြင်းပယ်ခဲ့ပြီးနောက် (ILO)မှ အဓမ္မ လုပ်အားခိုင်းစေမှုနှင့် ပတ်သက်၍
နိုင်ငံတကာတရားရုံး(ICJ)သို့ တရားစွဲဆိုတင်ပြရန် ပြင်ဆင် နေသည့်
အချိန်မကြာသေးမီက (ILO)နှင့် စစ်အစိုးရက သဘောတူညီမှုတခု ပြုလုပ်ခဲ့သည်။
အဆိုပါ
သဘောတူညီချက်တွင် အဓမ္မလုပ်အားခိုင်းစေမှုများနှင့် ပတ်သက်၍
နိုင်ငံတွင်းရှိ (ILO) ကိုယ်စားလှယ်အနေဖြင့် တိုင်းပြည်တွင်း
လွတ်လပ်စွာ သွားရောက်စုံစမ်းခွင့်ပြုရန်၊ အဓမ္မခိုင်းစေ
ခံရသူများအနေဖြင့် လွတ်လပ်စွာ (ILO)သို့ တိုင်ကြားခွင့်ပြုရန်၊
ထိုသူတို့အား နှောင့်ယှက် ဟန့်တားခြင်း၊ အရေးယူဆောင်ရွက်ခြင်းများ
မပြုလုပ်ရန်တို့အပြင် အဓမ္မလုပ်အားပေးခိုင်းစေ ရာတွင် ပါဝင်ပတ်သက်သော
အာဏာပိုင်များအား အရေးယူအပြစ်ပေးရန် တို့ပါဝင်သည်။
အဆိုပါ
သဘောတူညီချက်အရ မြန်မာနိုင်ငံရှိ (ILO)ရုံးခွဲတွင်
အမှုဖွင့်တိုင်ကြားမှုသုံးခု ရှိနေ ကြောင်း တာဝန်ခံ ရစ်ချတ်ဟိုဆေးက
မကြာမီက ပြောကြားခဲ့သော်လည်း လုပ်အားပေးခိုင်းစေ မှုများ
နိုင်ငံအနှံ့ရှိနေပြီး ပြည်သူအများစုက စစ်အစိုးရ၏နောက်ကွယ်မှ
ခြိမ်းခြောက်ဖမ်းဆီးမှု များကို စိုးရိမ်နေကြောင်း လေ့လာသူအချို့က
ဆိုသည်။ |