|
သတင်းစာရှင်းလင်းပွဲတွင်
နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC)ကို ခြိမ်းခြောက်သည့်အဖွဲ့ဟု
ပြောဆိုခြင်းသည် စစ်အစိုးရအနေဖြင့် သူတို့၏အဆင့်အတန်းကို ဖော်ပြ
လိုက်ခြင်းသာဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ
ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) (AAPP)က ပြောဆိုလိုက်သည်။
ပြီးခဲ့သည့်
တနင်္ဂနွေနေ့က နေပြည်တော်တွင် ကျင်းပ သည့် နိုင်ငံတကာသတင်းထောက်များနှင့်
တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲဝန်ကြီးဌာန ရဲချုပ်
ဗိုလ်မှူးချုပ်ခင်ရီက (ICRC)သည် အစိုးရကို ခြိမ်းခြောက်သည့်
အဖွဲ့အစည်းတခုဖြစ်သည်ဟု သတင်းထောက်များကို ပြန်လည်ပြောဆိုခဲ့ သည်။
ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းကလည်း
နိုင်ငံရေးအကျဉ်းသားဆိုသူများသည် နိုင်ငံရေးတည်ငြိမ်မှုကို
ပျက်ပြားအောင် ပြုလုပ်နေသူများသာဖြစ်ပြီး (ICRC)အနေဖြင့် ထိုသူများ
ကိုသာ အကူအညီပေးနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ အကျဉ်းထောင်များသို့
သွားရောက် သည့် ခရီးစဉ်တွင် မိမိတို့ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများ
လိုက်ပါရန် တောင်းဆိုချက်ကို (ICRC)က ငြင်းပယ်ခဲ့သည်ဟု ဆိုသည်။
“နိုင်ငံရေးအကျဉ်းသားတွေကိုချည်းပဲ
ရွေးပြီး ကြည့်တာမဟုတ်ဘူးဆိုတာက နိုင်ငံတကာက အသိအမှတ်ပြု၊
ခွင့်ပြုထားတဲ့ တရားမျှတတဲ့ အဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းတခု၊
လူ့အခွင့်အရေး အဖွဲ့ကြီးတခုလို့ တိုင်းပြည်အသီးသီးက သတ်မှတ်ထားတာပါ။
ဒီကနေ့ နအဖလက်ထက်ကျမှ (ICRC)က ခြိမ်းခြောက်တဲ့ အဖွဲ့ကြီးတခုလို့
ပြောတယ်ဆိုတာ သူတို့ရဲ့ အဆင့်အတန်းကို ဖော်ပြ သလိုဖြစ်နေတယ်” (AAPP)
အတွင်းရေးမှူး ကိုတိတ်နိုင်က ဆိုသည်။
(ICRC)အနေဖြင့် ရဲဘက်စခန်းများနှင့် အကျဉ်းထောင်အားလုံးတွင်ရှိသည့်
အကျဉ်းသားများ၏ ကျန်းမာရေးပြုစုစောင့်ရှောက်ရန် ကုန်ကျစရိတ် ၅၀
ရာခိုင်နှုန်းကို တာဝန်ယူထောက်ပံ့ထား သည်ကို ၂၀၀၅ ခုနှစ်တွင် တရားဝင်
ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားဟူ၍ (ICRC)ကိုယ်၌က
သုံးစွဲခြင်းမပြုသလို လုပ်ငန်းစဉ်များ ခွဲခြားလုပ်ကိုင်ရာတွင်
ယုံကြည်ချက် ကြောင့် အကျဉ်းကျခံရသူများ၊ စစ်ကြောင့်
အကျဉ်းကျခံနေရသူများ၊ နိုင်ငံတော် စီးပွားရေး ပြိုင်ဆိုင်မှုကြောင့်
အကျဉ်းကျခံနေရသူများ စသည်ဖြင့် ခွဲခြားထားသည့်လုပ်ငန်းစဉ် (၅)ခုရှိပြီး
မြန်မာပြည်ကိစ္စကိုမှ ချန်လှပ်လုပ်ဆောင်၍မရသလို သီးခြား
စည်းမျဉ်းစည်းကမ်းများ ချမှတ် လုပ်ဆောင်၍လည်းမရကြောင်း ၄င်းက
ဆက်လက်ပြောဆိုသည်။
(ICRC)သည်
နိုင်ငံတကာတွင် စစ်မက်ဖြစ်ပွားရာဒေသများနှင့်
စစ်ပူနေသည့်နိုင်ငံများသို့ သွား ရောက်၍ အကျဉ်းထောင်များ၊
နယ်စပ်ဒေသများသို့ သွားရောက်ကာ လူသားချင်းစာနာမှုဆိုင်ရာ
ကူညီထောက်ပံ့နေသည့် အဖွဲ့အစည်းကြီးတခုဖြစ်ပြီး နိုဘယ်ငြိမ်းချမ်းရေးဆု
သုံးကြိမ်တိုင်တိုင် ရရှိထားသည့် အဖွဲ့အစည်းကြီးတခုဖြစ်သည်။
စစ်အစိုးရ၏
သတင်းစာရှင်းလင်းပွဲတွင် (ICRC)အား အကျဉ်းထောင်များသို့ သွားရောက်ခွင့်
ပိတ်ပင်ထားသော်လည်း အကျဉ်းထောင်များအတွင်း အကျဉ်းသားများကို
လူ့အဆင့်အတန်းနှင့် ညီညွတ်အောင် ပြုစုစောင့်ရှောက်လျှက်ရှိပြီး
အကျဉ်းသားများအပေါ် နှိပ်စက်မှု၊ လူသားမဆန် စွာ
ပြုမူဆက်ဆံခြင်းများမရှိကြောင်း ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ဆိုသည်။
“(ICRC)က
နိုင်ငံတကာမှာ ကျင့်သုံးနေတာက ဘယ်အကျဉ်းထောင် ဘယ်ရဲဘက်စခန်းကိုမဆို
သူတို့က လွတ်လွတ်လပ်လပ် သွားရောက်လေ့လာခွင့်ရတဲ့ အဖွဲ့အစည်းတခုပါ။
အဲဒါက သူတို့ရဲ့ ပေါ်လစီဖြစ်တယ်။ ဘောင်ကျော်ပြီးတော့ နအဖနဲ့ကျမှ
လုပ်လို့မရပါဘူး။ မြန်မာပြည်က တာဝန်ခံ ဆိုတဲ့လူလည်း လုပ်လို့မရပါဘူး။
ဒါက သူတို့ မငြင်းပယ်လို့ မရပါဘူး။ သူတို့ဆုံးဖြတ်ခွင့် မရှိပါ ဘူး။
ဗမာပြည်ကိစ္စကိုမှ ရွေးပြီးမှ လုပ်လို့မရဘူး။ ဒါက တကမ္ဘာလုံးမှာ
လုပ်နေတဲ့ (ICRC)ရဲ့ မူဖြစ်ပါတယ်” ဟု ကိုတိတ်နိုင်က ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)၏
စာရင်းအရ စစ်အစိုးရ အကျဉ်းထောင်အတွင်း သေဆုံးခဲ့ရသည့်
နိုင်ငံရေးအကျဉ်းသားပေါင်း (၁၃၁)ဦး ရှိသွားပြီ ဖြစ်သည်။ |