|
မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ကို ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများက
ဦးစီး၍ ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် ယနေ့နံနက် (၁၀)နာရီက
ကျင်းပခဲ့သည်။
၁၉၈၈ခုနှစ်
စက်မှုတက္ကသိုလ်ကျောင်းသားများအား မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏
လုံထိန်း တပ်ဖွဲ့များက သေနတ်နှင့် ပစ်ခတ်ခဲ့ခြင်းကြောင့်
ကျောင်းသားကိုဖုန်းမော် အပါအ၀င် စက်မှု တက္ကသိုလ် ကျောင်းသားများ
ကျဆုံးခဲ့ရပြီးနောက် ထိုနေ့ကို မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ဟု
သတ်မှတ်၍ နှစ်စဉ်ကျင်းပခဲ့ရာ (၁၉)နှစ်မြောက်အဖြစ် ယနေ့ကျင်းပခဲ့ခြင်း
ဖြစ်သည်။
ကျောင်းသားများက စက်မှုတက္ကသိုလ်၏ မတ်လ (၁၃)ရက်နှင့်
ရန်ကုန်ဝိဇ္ဖာနှင့်သိပ္ပံတက္ကသိုလ်၏ မတ်လ (၁၆)ရက်
တံတားနီကျောင်းသားတိုက်ပွဲများသည် (၁၉၂၀)ခု ပထမကျောင်းသားသပိတ် မှ
စတင်သည့် လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး
တိုက်ပွဲများ အတွင်း လက်ဆင့်ကမ်း သယ်ဆောာင်လာသည့် ကျောင်းသားစိတ်ဓါတ်၊
ခွပ်ဒေါင်းစိတ်ဓါတ်၏်ပြယုဂ်ဖြစ်သည်ကို ယုံကြည်ကြောင်း
ထုတ်ပြန်ကြေညာခဲ့သည်။
ဆက်လက်၍
နအဖ၏လမ်းပြမြေပုံ (၇)ချက်ကို အကောင်အထည်ဖော်နေမှုများ ချက်ခြင်း
ရပ်တန့်ရန်နှင့် ပြည်သူတို့၏ လိုလားချက်များကို စစ်အစိုးရအနေဖြင့်
ဆက်လက်ငြင်းဆန် နေလျှင် ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရေးနှင့်
လူထုအာဏာရရှိရေးတို့အတွက် ၄င်းတို့အနေဖြင့် လက်နက်ကိုင်တိုက်ပွဲ၊
လူထုတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲအပါအ၀င် သဏ္ဌန်ပေါင်းစုံတိုက်ပွဲများ
ကို ဖော်ဆောင်ကာ စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ပြည်သူနှင့်အတူ
တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ယနေ့ကျင်းပသည့် အခန်းအနားသို့ ဒီမိုကရေစီရေးဆောင်ရွက်နေသည့်
အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူငယ်၊
အမျိုးသမီးအဖွဲ့အစည်းများနှင့် အလုပ်သမားအဖွဲ့ အစည်းများမှ
အင်အား(၇၀)ခန့် တက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားကို နံနက် (၁၁)နာရီခွဲ
တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ |