|
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် လှုပ်ရှားသူအချို့
ပြန်လည်လွတ်မြောက်
ဉာဏ်မောင်။
ဇွန် ၂၈၊ ၂၀၀၇
စစ်အစိုးရက
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်
ဆုတောင်းပွဲများ ပြုလုပ်သဖြင့် ထိန်းသိမ်းထားသူများကို ယမန်နေ့က
ပြန်လည်လွှတ်ပေးလိုက် ကြောင်း (NLD)ပါတီက ယနေ့ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်
အေးချမ်းစွာ ဝတ်ပြုဆုတောင်းသူများကို စစ်အစိုးရက မေလအတွင်း
ဖမ်းဆီးခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်လွှတ်ပေးခြင်းဖြစ်သည်။
“မနေ့ညကစပြီး ဖမ်းထားတဲ့သူတွေကို စလွှတ်ပေးနေပါတယ်၊ ခုထိ သေသေချာချာ
ပြောနိုင် တာကတော့ လွှတ်ပေးတဲ့သူ (၁၃)ယောက်ရှိပြီ”ဟု NLD မှ
ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းက ဆိုသည်။
နိုင်ငံတကာမှ စစ်အစိုးရအား ဒေါ်အောင်ဆန်းစုကြည်နှင့်
နိုင်ငံရေးအကျဉ်းသားများအား ချက်ချင်းလွှတ်ပေးရန် မေလအတွင်းက အပြင်းအထန်
ဖိအားပေးတောင်းဆိုခဲ့ရာ စစ်အစိုးရက သူမ လွတ်မြောက်ရေးအတွက်
ဘုရားတွင်ဝတ်ပြုဆုတောင်းရန်သွားရောက်သူ (NLD)ပါတီဝင် အမြောက်အများကို
ဖမ်းဆီးခဲ့သည်။
ယခု
ပြန်လည်လွတ်မြောက်လာသူများတွင် (HIV/AIDS)
ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ လုပ်ဆောင်နေသူ (NLD)ပါတီဝင်
မဖြူဖြူသင်း ပါဝင်ခြင်းမရှိသေးပဲ စစ်အစိုးရက မေလအတွင်း ဖမ်းဆီးထားခဲ့သူ
(၅၀)ကျော် ကျန်နေဆဲဖြစ်သည်။
AIDS
ရောဂါထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း လုပ်ဆောင်နေသူ
မဖြူဖြူသင်းနှင့် ထိန်းသိမ်းခံနေရသူများအား လွှတ်ပေးရန်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ
စီယမ်မက်ကောမတ်က ယမန်နေ့က စစ်အစိုးရအားတောင်းဆိုခဲ့သည်။
ကလေးသူငယ်များအား စစ်မှုထမ်းဆောင်စေခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန်
မြန်မာနိုင်ငံ တွင် (၅)ရက်ကြာ အလည်အပတ်ရောက်ရှိနေသည့် ကုလကိုယ်စားလှယ်
မစ္စ ရာဒီကာ ကုမာရစွာမိက စစ်အစိုးရအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး
သိန်းစိန်နှင့် တွေ့ဆုံစဉ် နိုင်ငံရေး လှုပ်ရှားသူများကို
လွှတ်ပေးခြင်းဖြစ်နိုင်သည်ဟု အချို့သတင်းများကဆိုသည်။ |