|
(HIV)ဝေဒနာသည်များ ပြန်လည်လွတ်မြောက်
ဉာဏ်မောင်။
ဇွန် ၁၀၊ ၂၀၀၇
စစ်အစိုးရက
(HIV)ရောဂါဝေဒနာခံစားနေရသူများကို ဖမ်းဆီးထားရာမှ ယခုလ (၈)ရက်နေ့က
ပြန်လည်လွှတ်ပေးလိုက်သည်။
အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနှင့်
ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသူအား ပြန်လွှတ်ပေးရန်
တောင်းဆိုခဲ့သည့် ဝေဒနာသည် (၁၁)ဦးအား ချုပ်နှောင်ထားရာမှ စစ်အစိုးရက
ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင် မဖြူဖြူသင်းသည်
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်
ဆောင်ရွက်နေစဉ် အာဏာပိုင်များက ပြီးခဲ့သည့်လ (၂၁) ရက်နေ့က နေအိမ်မှ
ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
သူမပါဝင်သည့်အဖွဲ့က နိုင်ငံအနှံ့မှ (HIV)ဝေဒနာ ခံစားနေရသူများကို
ပြုစုစောင့်ရှောက်ခြင်း လုပ်ငန်းများကို ၂၀၀၂ ခုနှစ်မှ
စတင်ဆောင်ရွက်ခဲ့ရာ ဝေဒနာသည်အမြောက်အများ၏ အားထား မှုကို ခံခဲ့ရသည်။
မဖြူဖြူသင်းနှင့်အဖွဲ့၏ ကူညီဆောင်ရွက်မှုကြောင့် အနယ်နယ်အရပ်ရပ်မှ
(HIV)ဝေဒနာသည် များမှာ ရန်ကုန်မြို့တွင် လာရောက်၍
ဆေးရုံတက်ရောက်ကုသခြင်း၊ နေရာထိုင်ခင်းနှင့် စားဝတ် နေရေးအတွက်
စီစဉ်ပေးမှု ခံယူနေသူများအနက်မှ ဝေဘာဂီဆေးရုံတွင် ကုသမှုခံနေရသူများ အား
စစ်အစိုးရက ပြီးခဲ့သည့် အင်္ဂါနေ့က ဆေးရုံမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
“မဖြူအဖမ်းခံရတာဟာ HIV နဲ့ AIDS ဝေဒနာသည်တွေအတွက် မုန်တိုင်းတခု
အတိုက်ခံရသလို ပဲ၊ HIV နဲ့ AIDS ရောဂါသည် တော်တော်များများဟာ
မိသားစုကတောင်မှ လျစ်လျူရှုခံကြ ရတာ၊ မဖြူကတော့ သူတို့ရဲ့
ကယ်တင်ရှင်ကြီးပါပဲ၊ အခုပြန်လွတ်လာတဲ့အထဲမှာ (ARV)ဆေးနဲ့
နောက်ဆုံးကုသခံနေတဲ့သူ (၃)ဦးပါတယ်”ဟု အဆိုပါအဖွဲ့မှ ကိုရာဇာက ဆိုသည်။
စစ်အစိုးရက
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူများကို ပြီးခဲ့သည်လက ဖမ်းဆီးခဲ့ရာ
ကျန်းမာရေးကြောင့် ဆေးရုံ တက်ရောက်ကုသနေရသည့် လူ့အခွင့်အရေးလှုပ်ရှားသူ
မစုစုနွေးအား ပြီးခဲ့သည့် ကြာသပတေး နေ့က ပြန်လည်လွှတ်ပေးခဲ့သည်။
|