|
ပြည် စည်ပင်ဝန်ထမ်းများ
ဈေးခွန်များကို မတရား တိုးမြှင့်ကောက်ခံ
ဗထူး။ ဇွန်
၆၊ ၂၀၀၇
ပြည်မြို့၊
စည်ပင်သာယာဈေးကြီးအတွင်း စည်ပင်ဝန်ထမ်းများက အခွန်အခအမျိုးမျိုးကို
တိုးမြှင့် ကောက်ခံနေသဖြင့် ဈေးရောင်းသူ ပြည်သူအများ
ဒုက္ခကြုံတွေ့နေရသည်။
ပြည်မြို့ဈေးရှိ စည်ပင်ဝန်ထမ်း၊ ဈေးကောက်နှင့် စည်းကမ်းထိန်းသိမ်းရေး
ဝန်ထမ်းများက ဈေးသူ/သားများထံမှ ငွေကြေးများကို ပြေစာဖြတ်ပိုင်းမပေးဘဲ
အခွန်များ တိုးမြှင့်ကောက်ခံနေ ခြင်းဖြစ်သည်။
ယခုနှစ် (၂)
လပိုင်းမှစတင်၍ ဈေးအပြင်ဘက်ရှိ ခုံဖြင့်ရောင်းသူနှင့်
ခေါင်းရွက်ဗန်းများဖြင့် ရောင်းသူများထံမှ နေရာအလိုက် နေ့စဉ်
လစဉ်ကျေးများကို စိတ်ကြိုက်သတ်မှတ်ကာ ကောက်ခံ နေကြသည်ဟု ဆိုသည်။
“ခုံနဲ့ဆိုရင် နေရာခက တရက် ၄၀၀၊ ဈေးကောက်က ၁၅၀၊ လစဉ်ကြေးက ၁၅,၀၀၀ နဲ့
၁၈,၀၀၀ ကျပ် အဲ့လိုပေးရတာ။ တောင်းနဲ့ ဗန်းနဲ့ရောင်းတဲ့လူက နေရာအတွက်
၃၀၀၊ ဈေးကောက် ၁၅၀ နဲ့ တလ ၁၅,၀၀၀ စသဖြင့် ပေးနေရတာ”ဟု ဈေးသည်တဦးက
ဆိုသည်။
ထို့အပြင်
မိမိတို့ရောင်းချသည့် နေရာတွင် အခြားသူများ မရောင်းချနိုင်ရန်
စည်ပင်ဈေးဝန်ထမ်း များကို တနေရာအတွက် ဈေးသည်တဦးလျှင် ၂၀,၀၀၀ နှင့်
၃၀,၀၀၀ ကျပ်အဖြစ် ထပ်မံပေး ဆောင်ရသည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
နေရာခ၊
ကျူးကျော်ခ၊ လစဉ်ကြေး စသဖြင့် ဈေးဝန်ထမ်းများက ဈေးသည်များအား
ဖြတ်ပိုင်း မပေးဘဲ အဓမ္မတောင်းခံနေပြီး ဈေးမထွက်သည့်နေ့အတွက်လည်း
ပေးဆောင်နေရကာ စည်ပင် ၀န်ထမ်းများ၏ မိမိစားဝတ်နေရေးအတွက် ရှေ့တန်းတင်ကာ
လုပ်ဆောင်နေခြင်းကို အများက စိတ်ပျက်လျှက်ရှိသည်။
ထို့အပြင်
အဆိုပါဈေးအတွင်း အချိန်ကြာမြင့်စွာ ကုန်ဆိုင်များအား မကြာခဏ
ဖောက်ထွင်းမှုများ ခံနေရသော်လည်း ဈေးတာဝန်ရှိသူနှင့်
စည်ပင်သာယာရေးအဖွဲ့များက အရေးယူဆောက်ရွက် နိုင်ခြင်းမရှိ ဖြစ်နေခဲ့သည်။
“(၃)
လပိုင်းကလည်း ငါးခြောက်နဲ့ ကုန်စုံဆိုင်တွေ အဖောက်ခံရတယ်။
ကြေးချိန်ခွင်တွေ၊ နီကယ်ချိန်ခွင်တွေကအစ အခိုးခံနေရတာ၊ တလထဲကို
ဆိုင်ရှင် (၁၂)ဦးဆီက ကုန်နဲ့ ချိန်ခွင်တွေ အခိုးခံရတယ်။
ကြေးချိန်ခွင်တလက်က ၁၅,၀၀၀ ၊ နီကယ်(စတီးလ်)ချိန်ခွင်က ၁၂,၀၀၀ ကျပ်၊
သံချိန်ခွင်က ၆,၀၀၀ ကျပ် တန်တယ်၊ ငါးခြောက်က အငံပစ္စည်းဖြစ်ပေမဲ့
ထပ်အခိုးခံရမှာ ကြောက်တာနဲ့ သံချိန်ခွင်ပဲ သုံးနေတယ်”ဟု
ငါးခြောက်ရောင်းချသူတဦးက ဆိုသည်။
အဆိုပါကိစ္စအား ဈေးကြီးကြပ်ရေးရုံးတွင် ဈေးခေါင်း ဦးမင်းနိုင်ထံ
သွားရောက်တင်ပြသော် လည်း ထူးခြားမလာဘဲ ပြီးခဲ့သည့်တလအတွင်းပင်
ဈေးရုံအမှတ် (၅) အပြင် (၆)၊ (၇)၊ (၄)၊ (၂) စသည့် ဈေးရုံအတွင်းရှိ
ဈေးဆိုင်များ ထပ်မံဖောက်ထွင်းခံခဲ့ရပြီး အမှုဖွင့်တိုင်ကြားသော်လည်း
ငွေကုန်ပြီး အမှုမပေါ်ပေါက်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
ဈေးအတွင်း
ညဘက်အစောင့်များမှာ စည်ပင်ဝန်ထမ်းများဖြစ်ပြီး ဖောက်ထွင်းမှုများ မကြာခဏ
ဆိုသလို ဖြစ်ပေါ်နေသည့်အပေါ် ပြည်မြို့ စည်ပင်သာယာရေးဌာနက
အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပြင် ဈေးအတွင်း ဈေးကြီးကြပ်ရေး၊
အလုပ်သမားများ၊ နေ့စားများ၊ ၀န်ထမ်းများ ခန့်ထားသော်လည်း
သန့်ရှင်းရေးလုပ်ဆောင်ခြင်းမရှိသည့်အတွက် ရေနှုတ်မြောင်းများ ပိတ်ဆို့
ကာ ပြည်မြို့ဈေးကြီးမှာ အနံ့ဆိုးများ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။ |