|
စစ်အစိုးရက စီးပွားရေးအရ
အရေးယူပိတ်ဆို့ခြင်းကို အရေထူနေပြီဟုဆို
ဉာဏ်မောင်။
ဇွန် ၁၂၊ ၂၀၀၇

(၁၀)နှစ်ကျော်ကတည်းက အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့ ကျင့်သုံးခဲ့သော
စီးပွားရေးပိတ်ဆို့မှုဖြင့် အရေးယူခြင်းကို
အာစီယံအဖွဲ့ဝင်နိုင်ငံတခုဖြစ်သည့် မြန်မာအနေဖြင့် အရေထူနေပြီဖြစ်သည်ဟု
အာစီယံ နိုင်ငံများအသင်း အတွင်းရေးမှူးချုပ်က ပြောဆိုလိုက် သည်။
ပြီးခဲ့သည့်
တနင်္လာနေ့က ပြုလုပ်သည့် အာရှရေနံနှင့် ဓါတ်ငွေ့ညီလာခံတွင်
သတင်းထောက်များအား အာစီယံနိုင်ငံများအသင်း အတွင်းရေးမှူးချုပ် မစ္စတာ
အွန်ကင်ယုန်း(Ong Keng Yong) က ပြောဆိုလိုက် ခြင်းဖြစ်သည်။
“စစ်အစိုးရကို သည်လိုအရေးယူမှုမျိုးနဲ့ အထီးကျန်ဆန်စေခြင်းတွေကို
မလုပ်သင့်တော့ပါဘူး။ သည်လိုပဲ အထီးကျန်ခိုင်းမယ်ဆိုရင်
သူတို့တယောက်တည်း သူတို့လုပ်ချင်ရာ လုပ်ကြရတော့ မှာဖြစ်လို့
ပိုလို့တောင် ပျော်နေကြမှာဖြစ်တယ်”ဟု မစ္စတာ အွန်ကင်ယုန်းက ဆိုသည်။
မြန်မာစစ်အစိုးရအား ဒီမိုကရေစီကူးပြောင်းရေးအတွက် တွန်းအားပေးနေသည့်
စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများကိုလျှော့ပြီး အခြားနည်းလမ်းသစ်ကို
ရှာဖွေ၍ လုပ်မှသာ ဖြစ်နိုင်မည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
တရုတ်နှင့်
အိန္ဒိယနှစ်နိုင်ငံကို ရည်ညွှန်း၍ မစ္စတာ အွန်ကင်ယုန်းက ပြောဆိုရာတွင်
နိုင်ငံတွင်း စီးပွားရေးရင်းနှီးမြှုပ်နှံမှုအားလုံးကို
ဆွဲထုတ်နိုင်ခဲ့သော် အိမ်နီးချင်း အင်အားကြီးနှစ်နိုင်ငံက စစ်အစိုးရအား
ကယ်တင်ရန် စောင့်ဆိုင်းနေသဖြင့် အောင်မြင်မည်မဟုတ်ဟု ဆိုသည်။
အဖွဲ့ဝင်
(၁၀) နိုင်ငံပါဝင်သော အာစီယံအဖွဲ့ဝင်နိုင်ငံအုပ်စုတွင်လည်း
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှင့်
တိုင်းပြည်ဖွံ့ဖြိုးမှုတို့ကို အကြောင်းပြ၍
ဆက်လက်ဆက်ဆံလျှက်ရှိသည်မှာလည်း အာစီယံနိုင်ငံများအတွက်
အလွန်ဝမ်းနည်းဖွယ်ရာကောင်းသည်ဟု ဆိုသည်။
မြန်မာစစ်အစိုးရ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏမှာ
အမေရိကန် ဒေါ်လာဖြင့် ထိုင်း (၁,၆၅၉)သန်း၊ တရုတ် (၁,၂၇၄)သန်း၊
စင်္ကာပူနှင့် (၁,၂၁၇)သန်း၊ အိန္ဒိယ(၈၉၅)သန်း၊ ဟောင်ကောင်
(၄၂၄)သန်းရှိပြီး နယ်စပ်ကုန်သွယ်မှုပမာဏမှာ တရုတ်နှင့် (၇၂၁)သန်းရှိကာ
ထိုင်းနိုင်ငံနှင့် (၂၄၈)သန်းဖြစ်သည်။
မကြားသေးမီက
တရုတ်နိုင်ငံသို့ (၅) ရက်ကြာသွားရောက်ခဲ့သည့် စစ်အစိုးရအဖွဲ့ဝင်
အတွင်းရေး မှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်ကလည်း နိုင်ငံတွင်း
ရေအားလျှပ်စစ်နှင့် ရေနံနှင့်သဘာဝ ဓါတ်ငွေ့လုပ်ငန်များတွင်
တရုတ်စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန်
တရုတ်ထိပ်တန်းတာဝန်ရှိသူများကို ပြောဆိုခဲ့ရာ ယခုလက်ရှိတွင်
စီးပွားရေးလုပ်ငန်းရှင် (၃၀) ကျော်ပါဝင်သော တရုတ်ကိုယ်စားလှယ်အဖွဲ့
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်။ |