|
အဖွဲ့ချုပ်အဖွဲ့ဝင်ဟောင်းတဦး ရာသက်ပန်
ကားမောင်းခွင့်ပိတ်ပင်ခံရ
ရိုးမ ၃။
ဇွန် ၂၇၊ ၂၀၀၇
သုံးခွ-ရန်ကုန် ခရီးသည်တင်ကား မောင်းနှင်သည့် အဖွဲ့ချုပ်အဖွဲ့ဝင်ဟောင်း
ကိုအုန်းမြင့်ကို သတ်မှတ်လိုင်းအတိုင်းမပြေးဆွဲသည့်အတွက်
ခရိုင်(မထသ)ဥက္ကဋ္ဌ ဗိုလ်ကြီးသောင်းစိန်က ယခုလ (၁၄)ရက်နေ့တွင် ဒဏ်ငွေ
သုံးသောင်းပေးဆောင်စေရန် အမိန့်နှင့်အတူ ရာသက်ပန် ကားမောင်းခွင့်ကိုပါ
ပိတ်ပင်ခဲ့သည်။
သုံးခွ-ရန်ကုန် ခရီးသည်တင်လိုင်းတွင် ယခုလ (၈)ရက်နေ့ ညအိပ်အလှည့်ကျသည့်
၇ခ/၇၈၉၅ ကားကို မောင်းနှင်သည့် ကိုအုန်းမြင့်သည် သူမောင်းရမည့်
လိုင်းမဟုတ်သည့် ခရမ်းသို့သွားလို သော ၀န်ထမ်းများကို မနက်
အချိန်မှီရောက်ရှိရေးအတွက် ပို့ဆောင်မိခဲ့ရာမှ အခုကဲ့သို့
ခရိုင်(မထသ)ဥက္ကဋ္ဌ၏ အပြစ်ပေးအရေးယူခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ
ကိုအုန်းမြင့် ရာသက်ပန် ကားမောင်းခွင့်ပိတ်ပင်ခံခဲ့ရခြင်းနဲ့ပတ်သက်၍
သုံးခွမြို့ခံ ကားသမားတဦးက “ကိုအုန်းမြင့်က
အဖွဲ့ချုပ်အဖွဲ့ဝင်ဟောင်းဖြစ်တာလည်းပါတယ်။ မြို့နယ် (မထသ)က
လုပ်တာကိုင်တာတွေနဲ့ ပတ်သက်လို့ မမှန်တာတွေကို ဝေဖန်ပြောဆိုတယ်၊
မဟုတ်ရင်မခံဘူးပေါ့။ အဲဒီအပေါ်မှာ သူ့ကို အငြိုးထားပြီး လိုင်းမှားပြီး
ခရီးသည်ပို့လဲပို့မိရော ခရိုင်(မထသ)ကို ဖိအားပေးပြီး အခုလို ရာသက်ပန်
ကားမမောင်းရဆိုတဲ့အထိ မတော်မတရား အပြစ်ပေးခံရတာပဲ”ဟု ပြောသည်။
သတ်မှတ်လိုင်းအလိုက် မောင်းနှင်ရမည်ကို ကားသမားများသိရှိသော်လည်း
အရေးကြီးခရီး သည်များအတွက် သံလျင်-ကျောက်တန်းကားများက သုံးခွနှင့်
ခရမ်းတို့ကို လာပို့ခြင်းမျိုးရှိ ကြောင်းနှင့် အခြားလိုင်းက
ကားများသည်လည်း အရေးကြီးရင် ကြီးသလို ခရီးသည် အဆင်ပြေချောမွေ့စေရန်
သတ်မှတ်လိုင်းမဟုတ်သည့် နေရာများသို့ မြန်မာနိုင်ငံ အနှံ့အပြားက
လိုင်းကားသမားတိုင်းလိုလို ပို့ဆောင်ပေးကြကြောင်း အဆိုပါကားသမားက
ပြောသည်။
“လိုင်မှားပြီး ခရီးသည်ပို့ဆောင်တဲ့အတွက် ဒဏ်ငွေရိုက်ခံရတာပဲရှိတာပါ၊
အဲဒီလောက် အပြစ် ဒဏ် ချမှတ်တယ်ဆို ကျနော် လက်ခံတယ်။ အခုဟာက
ဒဏ်ငွေသုံးသောင်းလည်း ရိုက်တယ် ဗျာ၊ ပြီးတော့ ရာသက်ပန်
ကားမမောင်းရဆိုတော့ ကားသမား ကားမမောင်းရတော့ ကျနော့်မှာ
ဝင်ငွေဘယ်ရှိတော့မလဲ။ ၀င်ငွေမရှိတော့ မိသားစုပါ စားဝတ်နေရေး
အားလုံးဒုက္ခရောက်တယ် ဗျာ”ဟု ကိုအုန်းမြင့်က ပြောသည်။
အဆိုပါ
ခရိုင်(မထသ)ဥက္ကဋ္ဌ ဗိုလ်ကြီးသောင်းစိန်၏ မတရား အပြစ်ပေးအရေးယူသည့်
ကိစ္စကို မကျေနပ်သဖြင့် ကိုအုန်းမြင့်ကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီး
သန်းရွှေထံ လိပ်မူပြီး ယခုလ (၂၁)ရက်နေ့က တိုင်ကြားစာတစောင်
ပေးပို့ခဲ့သော်လည်း တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း
ကိုအုန်းမြင့်က ဆက်လက်ပြောကြားခဲ့သည်။ |