|
ဥပဒေမဲ့ဖမ်းဆီးခြင်းကြောင့်
ပြစ်မှုကျူးလွန်သည့်အတတ်ပညာ တတ်မြောက်လာမည်ကိုစိုးရိမ်
ဗထူး။ ဇွန်
၇၊ ၂၀၀၇
နိုင်ငံအနှံ့ အာဏာပိုင်များက အကြောင်းမဲ့ဖမ်းဆီးထောင်ချသည့်
လုပ်ရပ်များကြောင့် ထောင်တွင်းရောက်ရှိပြီးနောက်ပိုင်း
ပြစ်မှုကျူးလွန်သည့်အတတ်ပညာကို လူအများ တတ်မြောက်လာမည်ကို
စိုးရိမ်ကြောင်း ရှေ့နေဦးအောင်သိန်းက ပြောဆိုလိုက်သည်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်နေ လူငယ်တဦးကို ရဲက ဖမ်းဆီးပြီးနောက်
တရားရုံးသို့တင်ကာ အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခဲ့ခြင်းအပေါ်
ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
မိဘများနှင့်အတူ ဘူတာအနီးတွင် အကြော်ဆိုင်ဖွင့်၍
အသက်မွေးဝမ်းကြောင်းပြုသူ အပြစ်မဲ့ လူငယ်တဦးကို ပြီးခဲ့သည့်လ
(၂၈)ရက်နေ့က လှိုင်သာယာမြို့နယ် ရဲမှ ဖမ်းဆီးကာ အင်းစိန် ထောင်တွင်
(၈)ရက် ချုပ်နှောင်ခဲ့သည်။
“ရွှေပြည်သာမှာရှိတဲ့
အဖေဆီ ပိုက်ဆံသွားပေးပြီး အပြန်မှာ ၈ နာရီ ၂၀ လောက်မှာ ဘယ်သွား မယ်၊
ဘာလာမယ်လို့ မမေးဘူး။ ကျနော့်ကို မင်း စခန်းကိုလိုက်ခဲ့၊
ဆိုင်ကယ်ပေါ်ကို တက်လို့ ကျနော့်ကို ခေါ်တယ်။ ကျနော်က
ဘယ်စခန်းကိုလိုက်ရမှာလဲ၊ မင်း စခန်းရောက်မှသိမယ်လို့ ခေါ်သွားတယ်”ဟု
ဖမ်းဆီးခံရသည့် ရွှေပြည်သာ၊ လှော်ကားတွင် နေထိုင်သူ မောင်ဇေယျာဝင်း က
ဆိုသည်။
ရဲက ၄င်းအား
ဆိုင်ကယ်ပေါ်တက်ခိုင်းသည့်အခါ ဆိုင်ကယ်ပျက်၍ ဆင်းတွန်းခိုင်းရာ ဆိုင်ကယ်
လဲကျသွားသဖြင့် အဆိုပါရဲက ရိုက်နှက်ကာ စခန်းသို့ခေါ်ဆောင်သွားခဲ့ပြီး
အချုပ်ခန်းအတွင်း၌ လည်း အကျဉ်းကျ လူမိုက်(တန်းစီး)၏ ရိုက်နှက်ခြင်းကို
ခံခဲ့ရသည်ဟု ဆက်လက်ပြောဆိုသည်။
ရဲစခန်းမှ
ပုဒ်မ (၁၃) (ဃ)အိမ်ခြေမဲ့မှုဖြင့် ပထမ စွဲချက်တင်ပြီးနောက်
မူးယစ်ရမ်းကားမှုနှင့် စွဲချက်တင်သဖြင့် (၂၉) ရက်နေ့တွင် တရားရုံးထုတ်ကာ
အင်းစိန်ထောင်သို့ တိုက်ရိုက်ပို့ဆောင် ခြင်း ခံခဲ့ရသည်။
“အဲ့ဒီနေ့
ကျနော်အရက်မသောက်ဘူး၊ အမိန့်ချတဲ့နေ့က တရားရုံးမှာ
ကျနော်တို့အကုန်လုံးကို တရားသူကြီးက အပြစ်ရှိလား၊ မရှိလားလို့ မေးတယ်။
ကျနော်က ဘယ်လိုဖြေရမလဲ မသိတော့ အပြစ်ရှိပါတယ်လို့ ဖြေလိုက်ပါတယ်။
ဖြေလိုက်တော့ ကျနော်တို့ (၁၁)ယောက် အတွဲလိုက် ကျတယ်”ဟု အဆိုပါလူငယ်က
ဆိုသည်။
မိဘများနှင့်အတူ အိုးအိမ်အတည်တကျရှိရက်နှင့် ယခုကဲ့သို့
ဥပဒေမဲ့ဖမ်းဆီးခြင်းသည် မဖြစ် သင့်သည့် ကိစ္စတခုဖြစ်သော်လည်း
နိုင်ငံအတွင်း အဆိုပါကိစ္စရပ်မျိုးများ ပေါ်ပေါက်ခဲ့သည်မှာ ယခုမှမဟုတ်ဘဲ
ယခင် (မဆလ)ပါတီခေတ်ကတည်းက ရှိနေခဲ့သည်ဟု ရှေ့နေ ဦးအောင်သိန်းက
ဆိုသည်။
ခိုးဆိုးလုယက်သူကို ရဲက အသေအချာမရှာနိုင်ပဲ ယခုကဲ့သို့ လက်လုပ်လက်စား
ဆင်းရဲသား ဈေးသည်များကို ခရီးသွားလာရာတွင် အပြစ်မဲ့ဖမ်းဆီခြင်းသည်
နောင်အတွက် မကောင်းသည့် လုပ်ရပ်ဖြစ်သည်ဟု ဆိုသည်။
“အပြစ်မဲ့သူများကို ဖမ်းဆီးပြီးတော့ ထောင်တွေထဲကို
ရက်နည်းနည်းနဲ့ချတဲ့အခါကျတော့ ပြစ်မှုသမားတွေနဲ့ သွားဆုံတဲ့အခါ ဒီလူတွေ
ပြစ်မှုရဲ့အတတ်ပညာကို ပိုတတ်လာမှာ ကျနော်တို့် စိုးရိမ်ရတယ်”ဟု
ဦးအောင်သိန်းက ဆိုသည်။
ယမန်နေ့က
အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသူ အသက် (၂၆) ရှိ မောင်ဇေယျာဝင်း
သည် လှော်ကားဘူတာ အကြော်ဆိုင်တွင် အဖဦးဝင်းမြင့်၊
အမိဒေါ်မြင့်ကြည်တို့နှင့်အတူ နေထိုင်ပြီး ဥပေဒေမဲ့
ဖမ်းဆီးခံခဲ့ရသည့်အတွက် နောင်တွင် ခရီးသွားလာရမည်ကို စိုးရိမ်လျှက်
ရှိသည်။
ယင်းကဲ့သို့
နိုင်ငံအနှံ့အပြားတွင် အာဏာပိုင်များ၏ ဥပဒေမဲ့ဖမ်းဆီးခြင်းများ
ယခင်ကထက် ပိုမို ဆိုးဝါးလာနေခဲ့သည့်အတွက် ခရီးသွားပြည်သူအများစုမှာ
အကြောင်းမဲ့ ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြရပြီဖြစ်သည်။
|